35 C
Yangon

SME လုပ်ငန်းများ စက်သုံးဆီခွဲတမ်းမရတော့၍ လုပ်ငန်းအများစု ပိတ်သိမ်း၊ စစ်တပ်နှင့်ဆီကုမ္ပဏီများ စက်သုံးဆီများ အကြီးအကျယ် သိုလှောင်နေပြီး ဆီပြတ်လပ်မှုများ ရှိလာနိုင်ဟုဆို

Must read

SME လုပ်ငန်းများ စက်သုံးဆီခွဲတမ်းမရတော့၍ လုပ်ငန်းအများစု ပိတ်သိမ်း၊ စစ်တပ်နှင့်ဆီကုမ္ပဏီများ စက်သုံးဆီများ အကြီးအကျယ် သိုလှောင်နေပြီး ဆီပြတ်လပ်မှုများ ရှိလာနိုင်ဟုဆို

ရန်ကုန်၊ မတ် ၁၅

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားဝင်ငွေ အလွန်နည်းပါးလာသည့်အတွက် စက်သုံးဆီ တင်သွင်းမှုများ လျှော့ချမည်ဟု တရားဝင် ပြောဆိုပြီးနောက် SME အသေးစားနှင့်အလတ်စား လုပ်ငန်းများသို့ ဆီခွဲတမ်းပေးမှုကို အကြီး အကျယ်လျှော့ချလိုက်ကြောင်း၊ SME လုပ်ငန်းအများစု ပိတ်သိမ်းနေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံ တကာတွင် စက်သုံးဆီစျေးတက်နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက SME လုပ်ငန်းများအတွက် စက်သုံးဆီ ခွဲတမ်း အကြီး အကျယ် လျှော့ချသဖြင့် SME လုပ်ငန်းများ ဆက်လက် ရပ်တည်ရန် ခက်ခဲနေပြီး အာဏာသိမ်းပြီးနောက်ပိုင်း SME လုပ်ငန်းအများစု ပိတ်သိမ်းသွားကြောင်း သိရှိရသည်။

“အရင်ကတည်းက ကျနော်တို့ SME တွေက ဆီခွဲတမ်း နည်းနည်းပဲရတာ။ ခွဲတမ်းချပေးနေတာကလည်း တကယ့်ကို နည်းတော့ SME တွေ ပိတ်သိမ်းကုန်ပြီ။ တော်တော်များများ ပိတ်ကုန်ကြတာ။ SME တွေရဲ့ အခက်ခဲ တင်ပြပါဆိုလို့ တင်ပြတော့လည်း အလကားပါပဲ။ ဘာမှလည်းဖြစ်မလာပါဘူး။ အခုဆို မီးစက်က တစ်နေကုန်နီးပါး နှိုးရတော့ လုပ်ငန်းလည်ပတ်ဖို့က မလွယ်ဘူး။ တစ်ဖက်မှာလည်း စစ်ကောင်စီက SME တွေအတွက် ဆီခွဲတမ်း မပေးတော့သလောက်ဖြစ်လာနေတယ်” ဟု SME လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် စစ်တပ်၊ ဆီကုမ္ပဏီများက စက်သုံးဆီသိုလှောင်မှုများ အကြီးအကျယ်လုပ်ဆောင်နေကြကြောင်း စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြော သည်။

“စက်သုံးဆီတွေ အဓိက ပြန်သိုလှောင်နေကြတယ်။ သိုလှောင်တာကလည်း စစ် တပ်နဲ့ သူတို့နဲ့ နီးစပ်တဲ့ ဆီကုမ္ပဏီတွေပဲ။ စက်သုံးဆီသိုလှောင်တယ်ဆိုတာက သာမန်လုပ်ငန်းရှင် မလုပ်နိုင်ပါဘူး။ မြေနေရာတွေ ဆီကန်တွေလိုတယ်။ အဲဒါတွေ တတ်နိုင်တာက စစ်တပ်နဲ့ ၊ တပ်နဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေပဲ လုပ်နိုင်တာ။ ရွှေသမင် ဘယ်က ထွက် မင်းကြီး တာကထွက်ပေါ့။ စစ်တပ်က စက်သုံးဆီ တင်သွင်းမှု လျှော့ချမယ်ပြောတယ်။ ပြီးတော့ သိုလှောင်တာကလည်း သူတို့ပဲ” ဟု စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်သုံးဆီများကို အရောင်းဆိုင်များတွင် ပြတ်လပ်မှု မရှိစေရေး လုပ်ဆောင်ရမည်ဟု အမိန့်နှင့်ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်နေကြောင်း သိရှိရသည်။

“ဆီဆိုင်တွေကို ဆီပြတ်တော့မယ်အခြေအနေဆို ချက်ချင်း စာတင်ခိုင်းတယ်။ ဆီဆိုင်တွေမှာ လူအုံလာရင် သူတို့ကို ထိခိုက်တယ်ပေါ့။ လက်ရှိ အခြေအနေကတော့ အနှေးနဲ့ အမြန်တော့ ဆီတွေ ပြတ်တာက ဖြစ်လာမယ်။ အဲဒါကတော့ ပြေးမလွတ်တဲ့ အခြေအနေ” ဟု ရန်ကုန်ဆီဆိုင်တစ်ခုက ဆိုသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး စက်သုံးဆီများ တင်သွင်းသွင်းခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စက်သုံးဆီ မပြတ်လပ်ရေး စစ်ကောင်စီလက်အောက်ခံ ဆီအသင်း၏ ထုတ်ပြန်စာများနှင့် စက်သုံးဆီဆိုင်များက စစ်ကောင်စီထံ တင်ပြရသည့် စက်သုံးဆီ အခြေအနေ တင်ပြစာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article