ကရင်ပြည်နယ်၊ ဘားအံတံတားအနီးတွင် အိမ်စီးကားတစ်စီး ပေါက်ကွဲပြီး ယာဉ်မောင်း ဦးခေါင်းပြတ် သေဆုံး
ရန်ကုန်၊ ဧပြီ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံတံတားနှင့်မြိုင်ကလေး လမ်းဆုံ အနီးတွင် ယနေ့ နံနက်ပိုင်း အိမ်စီးကား တစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ် မောင်းဖြစ်သူ ဦးခေါင်းပြတ်သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ကရင်ပြည်နယ်၊ ဘားအံတံတားနှင့် မြိုင်ကလေး လမ်းဆုံနား မိုင်တိုင်အမှတ် ၀/၅ တွင် Nissan Xtrial အိမ်စီးကား တစ်စီးသည် မောင်းနှင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ကားမောင်းနေရင်းနဲ့ ပေါက်ကွဲသွားတာမျိုးလို့ သုံးသပ်ပါတယ်။ ဗုံး(သို့မဟုတ်) မိုင်းကို ရှေ့ခန်းမှာ တင်ပြီး မောင်းလာတယ်လို့ ယူဆရပါတယ်။ ယာဉ်မောင်းက ပွဲချင်းပြီး သေဆုံးပါတယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း အတည်ပြုဖို့ ကြိုးစားနေပါတယ်” ဟု ကရင်ပြည်နယ်ရဲသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီလော်ဘီများကမူ သေဆုံးသူသည် ဗုံးသယ်လာသူဟု ဝါဒဖြန့်နေကြ ပြီး ကားပေါ်တွင် ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ ၇ တောင့်၊ ကျည်ကတ် ၁ ခု သိမ်းဆည်းရမိသည်ဟု စစ်တပ်ထောက်ခံသော သတင်းစာမျက်နှာများက သတင်းထုတ်ပြန်ထားသည်။


