36 C
Yangon

နာမည်ကြီး ဘီယာတွေဖြစ်တဲ့ Heineken, Carlsberg အပါအဝင် ThaiBev တို့က အကြမ်းဖက် စစ်အုပ်စုထံ အခွန်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ပေးအပ်နေ

Must read

နာမည်ကြီး ဘီယာတွေဖြစ်တဲ့ Heineken, Carlsberg အပါအဝင် ThaiBev တို့က အကြမ်းဖက် စစ်အုပ်စုထံ အခွန်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ပေးအပ်နေ

ရန်ကုန်၊ ဧပြီ ၂၁

နာမည်ကြီး လူသိများတဲ့ ယမကာလုပ်ငန်းစုကြီးတွေ ဖြစ်ကြတဲ့ Heineken၊ Carlsberg နဲ့ ThaiBev တို့ဟာ မြန်မာစစ်အုပ်စုကို အခွန်ငွေ ဒေါ်လာ သန်းပေါင်းများစွာပေးအပ်ပြီး စစ်အုပ်စုအတွက် ကြီးစွာအထောက်အပံ့ ဖြစ်နေတယ်လို့ Distributed Denial of Secrets က ထုတ်ပြန်ထားတဲ့ အခွန်စာရင်းတွေကို စုံစမ်းစစ်ဆေးပြီး Justice For Myanmar က ဖော်ထုတ်ပြောဆိုလိုက်ပါတယ်။

ဒီလို ပြည်ပနာမည်ကြီးကုမ္ပဏီတွေဟာ ကွယ်လွန်သွားတဲ့ အဖျော်ယမကာလုပ်ငန်းမှာ နာမည်ကြီးသူ ခရိုနီသိန်းထွန်း မိသားစုနဲ့ စီးပွားမိတ်ဖက် ဆောင်ရွက်တာဖြစ်ပြီး၊ သိန်းထွန်းဟာ ၄င်းရဲ့ သားဖြစ်သူ သန့်ဇင်ထွန်းနှင့်အတူ Myanmar Golden Star Group ကို ထိန်းချုပ် စီမံခန့်ခွဲခဲ့သူ ဖြစ်ပါတယ်။

Myanmar Golden Star Group ဟာ Carlsberg နှင့်အတူ ဘီယာထုတ်လုပ်ပြီး၊ LOTTE Corporation ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုနဲ့ အချိုရည်များ ထုတ်လုပ်လျှက်ရှိပါတယ်။

သိန်းထွန်းရဲ့ သမီးဖြစ်သူ မာမာထွန်းနှင့် သားမက် အောင်မိုးကျော်တို့ဟာ Heineken နှင့် Thai Beverage (ThaiBev) တို့ရဲ့ မြန်မာနိုင်ငံ မိတ်ဖက်တွေ ဖြစ်ကြပါတယ်။ ThaiBev ဟာ Grand Royal Group ကို ထိန်းချုပ်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ရရှိထားတဲ့ အခွန်စာရင်းတွေအရ Heineken၊ Carlsberg နှင့် ThaiBev တို့ဟာ အထူးကုန်စည်ခွန် (SGT) တစ်ခုတည်းအတွက် ကျပ် ၄၉.၉ ဘီလီယံ ကို စစ်အုပ်စုအတွက် ပေးချေခဲ့တယ်လို့ JFM ရဲ့ တွေ့ရှိတဲ့အချက်အလက်တွေအရ သိရပါတယ်။

ဒီပမာဏဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက် တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပျှမ်းမျှငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၂၇.၆ သန်းနှင့် ညီမျှနေတာပါ။

အထူးကုန်စည်ခွန်ဟာ ဟာ အရက်နှင့် ဘီယာအကျုံးဝင်တဲ့ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်းအပေါ် ၆၀ ရာခိုင်နှုန်း အထိ ကောက်ခံသည့် အခွန်ဖြစ်ပါတယ်။ ရောင်းချတဲ့ ဈေးနှုန်းပေါ်မူတည်ပြီး အရက်အမျိုးအစားများအလိုက် အခွန်ပမာဏ အနည်းငယ် ကွာခြားတာလည်း ဖြစ်ပါတယ်။

တစ်နှစ်လုံးစာ တွက်ချက်ကြည့်ပါက ThaiBev၊ Heineken နှင့် Carlsberg ကုမ္ပဏီတွေဟာ အခွန်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၅ မီလီယံ သို့မဟုတ် ကျပ်ငွေ ၂၅၀ ဘီလီယံ ပမာဏကို စစ်အုပ်စုကို ပေးသွင်းနေတာဖြစ်ပြီး၊ ဒီဝင်ငွေတွေဟာ စစ်အုပ်စုအတွက်တော့ တစ်နိုင်ငံလုံးလှည့်ပတ်ပြီး စစ်ရာဇဝတ်မှု တွေကျူးလွန်ရာမှာ အထောက်အပံ့ကောင်းတွေအဖြစ် ရရှိနေခြင်းဖြစ်ပါတယ်။

အထူးကုန်စည်ခွန်မှာ အကြုံးမဝင်တဲ့ LOTTE ဟာ အခွန်ငွေပမာဏ အနည်းငယ်ကိုသာ ပေးသွင်းရတာဖြစ်ပေမဲ့ Lotte ရဲ့ ဟိုတယ် လုပ်ငန်းကုမ္ပဏီခွဲက ရင်းနှီးမြှပ်နှံတဲ့ POSCO International နှင့် ဆောင်ရွက်တဲ့ ဟိုတယ်လုပ်ငန်းကတော့ မြန်မာစစ်တပ်ကို မြေငှားရမ်းခ ပေးချေမှုကနေ စစ်ကောင်စီကို အကြီးအကျယ် အကျိုးအမြတ်တွေ ရရှိနေစေတာဖြစ်ပါတယ်။

စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးဆင်နွဲနေချိန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ လေတပ်ကို အကြီးအကျယ် မှီခိုနေရချိန်မှာ ဒီလိုလုပ်ငန်းစုတွေရဲ့ အခွန်ဆောင် ငွေပေးချေမှုတွေကနေ စစ်အုပ်စုအတွက် အထောက်အပံ့နဲ့ အကျိုးအမြတ် ကြီးမားစွာ ရရှိနေခြင်းကို ရပ်တန့်ဖို့ လိုအပ်နေတယ်လို့လည်း လူအခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူ ပဇီကြီး ကျေးရွာလေကြောင်းတိုက်ခိုက်မှု၊ ကချင်ပြည်နယ်က တေးဂီတ ဖျော်ဖြေပွဲတစ်ခုကို လေကြောင်း တိုက်ခိုက်မှု စတဲ့ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရမှုတွေဟာ ဒီလို ဝင်ငွေတွေကနေ စစ်အုပ်စုဟာ စစ်အသုံးစရိတ်တွေကို ထင်တိုင်းကြဲ အသုံးပြုနေပြီး ပြည်သူတွေကို ပြန်လည် သတ်ဖြတ်နေခြင်းပဲဖြစ်ပါတယ်။

“Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့အနေနဲ့ OECD လမ်းညွှန်ချက်တွေနဲ့ ကုလသမဂ္ဂလမ်းညွှန်းအခြေခံမူတွေအရ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လိုက်နာဖြည့်ဆီးဖို့၊ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ စစ်အုပ်စုထံ များပြားလှတဲ့ ငွေပေးချေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article