30 C
Yangon

ရန်ကုန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသူ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူမှာ လက်ရှိ ကော်မရှင်ဥက္ကဋ္ဌ သိန်းစိုး၏ တပည့်အရင်း လူယုံ

Must read

ရန်ကုန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသူ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူမှာ လက်ရှိ ကော်မရှင်ဥက္ကဋ္ဌ သိန်းစိုး၏ တပည့်အရင်း လူယုံ

■ နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ ထိတ်လန့်တုန်လှုပ်ပြီး နေရာ ပြောင်း၊ လုံခြုံရေးတောင်း

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တွင် ယမန်နေ့ မွန်းလွဲပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသူ ရွေးကောက်ပွဲ ကော်မရှင် ဒုညွှန်ကြားရေးချုပ် ဒုဗိုလ်မှူး ကြီး (ငြိမ်း) စိုင်းကျော်သူမှာ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သိန်းစိုး၏ တပည့်အရင်း လူယုံဖြစ် ကြောင်း ပြည်ထောင်စု ရွေး ကောက် ပွဲ ကော်မရှင်ရုံးအရာရှိတစ်ဦးက ပြောဆို သည်။

သိန်းစိုးသည် ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ် သန်းရွှေ၏ တာဝန်ပေးမှု ဖြင့် တာဝန်ထမ်းဆောင်နေချိန် ၎င်း၏ တပည့် အရင်းဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စိုင်းကျော်သူကို ကော်မရှင်တွင် ညွှန်ကြား ရေး မှူး ရာထူးဖြင့် ခေါ်ယူခဲ့ကြောင်း၊ စစ်တက္ကသိုလ်ကျောင်းဆင်းပြီးနောက် ဥပဒေဘွဲ့များ ထပ်မံ ရရှိထားသဖြင့် သိန်းစိုးက စိုင်း​ကျော်သူကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ သုံးသပ်ရေးဆွဲခြင်းများနှင့်ပတ်သက်၍ တိုက် ရိုက် တာဝန် ပေးအပ်ခိုင်းစေခဲ့ကြောင်း သိရှိရသည်။

NLD အစိုးရ အာဏာရယူခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် နေသော စိုင်းကျော်သူမှာ နေရာ မရခဲ့ဘဲ ချောင်ထိုးထားခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အကြမ်းဖက် မင်းအောင်လှိုင်က အာဏာသိမ်းယူပြီးနောက် ယခင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဟောင်း သိန်းစိုးကိုပင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ထပ်မံ တာဝန်ပေးအပ်ခဲ့ကြောင်း၊ သိန်းစိုးက ဥက္ကဋ္ဌ အဖြစ် ဒုတိယအကြိမ် ရာထူးပြန်ရလာချိန်တွင် တပည့်ရင်း လူယုံ ညွှန်ကြားရေးမှူး စိုင်းကျော်သူကို ရာထူးတိုး ဒုညွှန်ချုပ် အဖြစ် ခန့်အပ်သည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပြန်လည် ရေးဆွဲသတ်မှတ်ရေး တာဝန်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်

“သူက လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ လူယုံ။ အာဏာသိမ်းခါစက ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်က ညွှန်ကြားရေးမှူးတွေ အတော်များများ စစ်တပ်ထဲ ခေါ်ထိန်းသိမ်းခံရတယ်။ သူတစ်ယောက်ပဲ ရုံးတက်မပျက် အေးဆေး နေလို့ရတယ်။ NLD အစိုးရကာလတုန်းက သူ ညွှန်မှူးရာထူး။ အာဏာသိမ်းပြီး သိန်းစိုး ဥက္ကဋ္ဌ ပြန်ဖြစ်မှ သူက ဒုညွှန်ချုပ် ရာထူးတိုးပေး ခံရတာ။ သူက ဥပဒေကျွမ်းကျင်ဘွဲ့တွေရထားတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ရွေးကောက်ပွဲ မလျှော်ဩဇာသုံးမှု ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရာတွင်လည်း ဒုညွှန်ချုပ် စိုင်းကျော်သူက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရားလိုပြသက်သေ အဖြစ် ထွက်ဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တို့ကို ၂၀၂၀ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံး၍ လွှမ်းမိုးမှု ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ရာ၂၀၂၂ ခုနှစ် မတ် ၄ ရက် ရုံးချိန်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူက တရားရုံးတွင် တရားလိုပြ သက်သေ အဖြစ် ထွက်ဆိုခဲ့သည်။

NLD ပါတီနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများကို စစ်ကောင်စီက ရွေးကောက်ပွဲ မလျှော်ဩဇာသုံး လွှမ်းမိုးမှု ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲခဲ့ရာတွင် နိုင်ငံတစ်ဝန်း မှ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ပုံစံအမျိုးမျိုးဖြင့် အမှုတွင်ပါဝင်ခဲ့ကြရာ ဒုညွှန်ချုပ် စိုင်းကျော်သူ အသတ်ခံလိုက်ရချိန်တွင် နေပြည်တော်နှင့် ပြည်နယ်/တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများမှာ အကြီး အကျယ် ထိတ်လန့် တုန်လှုပ်နေကြကြောင်း သိရှိရသည်။

“အမေစုကိုတရားစွဲတာ UEC မှာ စိုင်းကျော်သူ တစ်ဦးတည်း မဟုတ်ဘူး ။ တိုင်း/ပြည်နယ်က ဒုညွှန် (တိုင်း/ပြည်နယ်ရွေးကောက်ပွဲအရာရှိ)တွေ အကုန် နေပြည်တော်တရားရုံးမှာ တရားလို ထွက်ဆိုခဲ့ကြတယ်။ ၂၀၁၅ တုန်းက NLD ရွေး ကောက်ပွဲ အနိုင်ရတော့ စိုင်းကျော်သူက တိုင်း/ပြည်နယ် ရွေးကော် တာဝန်ခံ တွေကို အပြစ်တင်တယ်။ NLD အစိုးရက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို ခန့်အပ်တုန်းက သူက နေရာမရဘူး။ ဦးစားပေးခြင်းမခံခဲ့ ရဘူး။ ရန်ကုန်ကို စနေ၊ တနင်္ဂနွေ ခွင့်နဲ့ပြန်တုန်း ပစ်ခတ်ခံရပြီး သေသွား တာပါ” ဟု ရွေးကောက်ပွဲ ကော်မရှင် သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်တွင် ရွေးကောက်ပွဲ ကော်မရှင် ဒုညွှန်ချုပ် အသတ်ခံရပြီးနောက် စစ်တပ် က လမ်းများကို ပိတ်ဆို့ စစ်ဆေးခြင်း၊အိမ်များကို ဧည့်စာရင်း စစ်ခြင်း များ လုပ်ဆောင်ခဲ့သော်လည်း သေနတ်သမားများကို ဖမ်းဆီးနိုင် ခဲ့ခြင်းမရှိပေ။

ဒုညွှန်ချုပ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် သတင်းက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ်၊ ပြည်နယ်/တိုင်း ရွေးကောက်ပွဲကော်မ ရှင်ရုံးများကို ရိုက်ခတ်မှု အလွန်ပြင်းထန်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်နေသူများမှာ နေရာပြောင်းရွှေ့ကြခြင်း၊ လုံခြုံရေးတောင်းခံ ခြင်းများ လုပ်ဆောင်လာကြကြောင်း သိရှိရသည်။

“တိုင်း/ပြည်နယ် /ခရိုင် က ရွေးကော်တာဝန်ခံတွေ လည်း အရမ်းကို တုန်လှုပ် နေကြတယ်။ နေရာပြောင်းသူက ပြောင်းကြတယ်။ စစ်တပ်နဲ့ ရဲဆီကနေ လုံခြုံ ရေး တောင်းတဲ့သူက တောင်းကြတယ်။ တကယ့်ကို ဂယက်က အရမ်း ပြင်းထန် သွားတာ” ဟု နေပြည်တော် ရွေးကောက်ပွဲကော်မရှင် သတင်းရင်းမြစ်က ဆိုသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒုဗိုလ်မှူးကြီး အငြိမ်းစား စိုင်းကျော်သူတွင် သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပြီး ဇနီးဖြစ်သူမှာ ဆရာဝန် ဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article