34 C
Yangon

ဝက်လက်၊ ဟံလင်းရွာမှ ၆ လကြာ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ဝက်လက်၊ ဟံလင်းရွာမှ ၆ လကြာ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းရွာမှ ၆ လကြာ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် ပျူမြို့ဟောင်းဖြစ်သည့် ဟံလင်းရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရသည်မှာ ၆ လနီးပါး ကြာမြင့်ပြီဖြစ်ပြီး သောက်သုံးရေ အခက်အခဲ အပါအဝင် အစားအစာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် ဟန်လင်းရွာရှိ ရှေးဟောင်းအဆောက်အအုံများပေါ်တွင် လက်နက်ကြီးများနှင့် နေရာယူ ပစ်ခတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ဟောင်း ကျေးရွာကြီးက ကမ္ဘာ့အမွေအနှစ်ကျေးရွာကြီးပါ။ ၁၀ လပိုင်း ၂၁ ရက်နေ့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဟံလင်းရွာကြီးကို ပစ်ပြီးတော့ တပ်စွဲခြင်းခံလိုက်ရပါတယ်။ ည ၁ နာရီဆိုတော့ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးရတာ ဘာမှ မသယ်နိုင်ခဲ့ဘူးဗျ။ ကလေးတွေ အရမ်းဆာလောင်နေကြတယ်။ စိတ်မကောင်းဘူး ထမင်းထုတ်က ၁၅၀၀ ပဲ လှူနိုင်တယ်။ ထမင်းထုတ်မရတဲ့သူ ၇၀၀၀ ဦးရေလောက် ကျန်သေးတယ် ” ဟု ဟံလင်းရွာရှိ စစ်ရှောင်ပြည်သူများထံသို့ သွားရောက်၍ ထမင်းထုပ်အလှူပြုခဲ့သည့် ဟံလင်းရွာ အမှန်တရားချစ်မြတ်နိုးသူများအဖွဲ့ဝင်တစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဟန်လင်းကျေးရွာကြီးသည် အိမ်ခြေ ၂၀၀၀ ကျော် သည့် ကျေးရွာကြီးဖြစ်ပြီး ဘုန်းကြီးကျောင်း ၁၆ ကျောင်းနှင့် လူဦးရေက သောင်းဂဏန်းကျော် နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများမှာ အကြမ်းဖက်စစ်ကောင်စီ ဝင်ရောက်သည့် အချိန်မှ စ၍ နီးစပ်ရာ လယ်ကွင်းများ၊ တောများတွင် ထွက်ပြေးတိမ်းရှောင်၍ စစ်ဘေးရှောင်နေရသည့်မှာ လာမည့် ၃ ရက်ဆိုလျှင် ၆ လပြည့်တော့မည်ဖြစ်ကြောင်း၊ အင်တာနက်အခက်အခဲကြောင့် မီဒီယာများသို့ သတင်းပေးပို့နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအချိန်တွင် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် နေရာယူ၍ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့အမွေအနှစ်ရွာဖြစ်သည့်အတွက် ရွာကို မီးရှို့ခြင်းကဲ့သို့ ထင်သာမြင်သာသည့်လုပ်ရပ်များကို မလုပ်ဆောင်သော်လည်း ရွာပြင်ရှိ အိမ်အချို့ကို မီးရှို့ခြင်းများလုပ်ဆောင်နေပြီး ရွာအတွင်းရှိ အိမ်များကိုမူ လွှစက်များနှင့်ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်ဟု သိရှိရကြောင်း ၊ လက်ရှိအချိန်တွင် ဟံလင်းကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများမှ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ ယနေ့ချိန်ထိ တောထဲမှာ ပြေးနေရပါတယ်။ ခွေးတွေက ပါးတယ်ဗျို့။ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေနှစ်ရွာကြီးဖြစ်သည့်အတွက် ရွာလုံးကျွတ် မီးမရှို့ဘူး။ အိမ်ထောင်ပေါင်းများစွာကို ချိန်းဆော လွှစက်တွေနဲ့ ဖျက်ပုံတာဗျို့။ ရွာမပြန်ဘဲ စစ်အာဏာရှင်အောက်မှာ ဒူးထောက်မခံဘဲ ဒုက္ခများစွာနဲ့ တောထဲမှာထွက်ပြေးရတဲ့ ဟံလင်းရွာစစ်ရှောင်တွေဟာ ရေအခက်အခဲ ၊စားဝတ်နေရေးအခက်ခဲ ကျန်းမာရေး အတွက် ဆေးဝါးတွေ အရမ်းလိုအပ်နေပါတယ်။ ကလေးငယ်များ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်မိခင်များ အရမ်း ဒုက္ခရောက်နေရပါတယ်” ဟု ဒေသခံ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဟံလင်းရွာထဲ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် ရိက္ခာပျက်ချိန်များတွင်လည်း ရွာထဲရှိ စပါး၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်မှတ်သမျှကို ခိုးယူစားသောက်နေကြောင်းနှင့် ဒေသခံပြည်သူများမှာလည်း နွေရာသီစပါး ဧက ၅၀၀၀ ကျော်ကို စိုက်ပျိုးခွင့်မရဘဲ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရွာတွင်းရှိ ပြည်သူများ၏ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကိုလည်း ဝက်လက်ရှိ ပျူစောထီးများနှင့် ပူးပေါင်း၍ ကားကြီး ကားငယ်များနှင့် သယ်ယူခြင်းတို့ ပြုလုပ်ကြောင်းလည်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article