ချက်နိုင်ငံ ပရာဟာမြို့တွင် “Shedding Light on Untold Stories of Burma“အမည်ရှိ မြန်မာ့အရေးလှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီလ ၂၉
ချက်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်တစ်စုမှ ဦးစီး၍ ပရာဟာမြို့၊ စစ်ကောင်စီသံရုံး အနီးတွင် “Shedding Light on Untold Stories of Burma“အမည်ရှိ မြန်မာ့အရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားပြုလျက်ရှိသည့် မြန်မာသံရုံးကို အရှက်ရစေရန်၊ ကိုယ်စားပြုနေမှုကို အဆုံးသတ်ရန်နှင့် မြန်မာ့အရေးကို နိုင်ငံတကာ လူထုကို ပညာပေးသိရှိစေရန် ရည်ရွယ်၍ ဆန္ဒပြပွဲကို ပရာဟာမြို့၏ ပြည်တွင်းပြည်ပ ခရီးသွားအများဆုံးနေရာတစ်ခု၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာ့အရေး လက်ကမ်းစာစောင်များ မျှဝေခြင်း၊ မြန်မာ ဒီမိုကရေစီအရေးနှင့် အကြမ်းဖက်စစ်တပ်၏ ပြည်သူကို ဖိနှိပ်မှုများကို လူမှုကွန်ရက်မှ တစ်ဆင့်ကြည့်ရှုနိုင်သည့် QR code များမျှဝေခြင်း၊ နွေဦးတော်လှန်ရေးအကြောင်း ရှင်းလင်းပြောပြခြင်း၊ ကျဆုံးသူများနှင့် မတရား အသက်ဆုံးရှုံးခဲ့ရသည့်ပြည်သူများကို ရည်စူး ဆုတောင်းခြင်း၊ လူရမ်းကားစစ်တပ်၏ အကြမ်းဖက်မှုများကို ဖော်ညွှန်းသည့် ပြဇာတ် ကပြမှုတို့ ပါဝင်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ပြီး မြန်မာ့အရေးလှုပ်ရှားမှုကို နိုင်ငံတကာမှ ဆက်လက်ဝန်းရံရန် ပြောကြားခဲ့ကြောင်း၊ ဆန္ဒပြပွဲ အဆုံး၌ ပါဝင်သူများသည် ပိတ်စဖြူပေါ်၌ “Cry of Burma“ ဟု သွေးရောင်ဖြင့် ရေးသား၍ အရှက်ရသင့်ကြောင်း စစ်ကောင်စီသံရုံးရှေ့တွင် ပြသခဲ့ကြောင်း သိရှိရသည်။