ပုလဲမြို့တွင် စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ သာစည်အကျဉ်းထောင်အနီး ရဲ ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထွက်လမ်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပုလဲမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၁ ရက်နေ့ နံနက် ၈ နုရီ ၂၀ နာရီခန့်တွင် ပုလဲမြို့အထွက်လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တိုက်နယ် ၇ နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ဒေါင်းနက် အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည် အကျဉ်းထောင်အနီး ရဲ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Monywa Commando Force က ထုတ်ပြန်ထားသည်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ သာစည် အကျဉ်းထောင် ကင်းစခန်း ဘန်ကာထဲမှ ထွက်လာသည့် ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကျဥ်တောင်ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ရှော့တိုက်ဒုံးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း စစ်သားနှင့်ရဲများ သေဆုံးခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Monywa Commando Force၊ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force၊ Peacock King People Defense Forceနှင့် ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
