ရန်ကုန်မှာ စစ်ကောင်စီသင်္ကြန် စည်ကားစေဖို့ ဆိုင်ပိုင်ရှင်တွေနဲ့ လုပ်ငန်းရှင်တွေကို တစ်ဦးလျှင် ငွေကျပ် ၃ သိန်း အတင်းအဓမ္မ တောင်းခံ
ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ သင်္ကြန်စည်ကားစေဖို့ ဆိုင်ပိုင်ရှင်တွေ နဲ့ လုပ်ငန်းရှင်တွေဆီက တစ်ဦးလျှင် ငွေကျပ် ၃ သိန်း အတင်းအဓမ္မတောင်းခံနေတယ်လို့ သိရပါတယ်။
ဧပြီလ ၁ ရက်နေ့ မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ လုပ်ငန်းရှင်တွေနဲ့ ဆိုင်ပိုင်ရှင်တွေကို အစည်းအဝေး ဆင့်ခေါ်ပြီး သင်္ကြန် စည်ကားစေဖို့ အလှူငွေ တွေ အတင်းအဓမ္မတောင်းခံတာလည်းဖြစ်ပါတယ်။
“ရှစ်မိုင် မရမ်းကုန်းထွေအုပ်ရုံးမှာ မနေ့က ဆိုင်ရှင်တွေအားလုံးကို ခေါ်ပြီး တစ်ဆိုင်ကို အတင်းအဓမ္မ ၃ သိန်းနှုန်း အတင်းအဓမ္မ တောင်းတယ်။ သင်္င်္ကြန် စည်ကားစေဖို့၊ သက်ကြီးပူဇော်ပွဲနဲ့ ဇီ၀ဒါန ငါးလွှတ်ပွဲနဲ့ ပရိတ်တရားနာပွဲတွေ လုပ်ဖို့ တောင်းတာ”လို့ မရမ်းကုန်းမြို့နယ်မှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
မြို့နယ် ထွေ/အုပ်က တောင်းခံတဲ့ ငွေကြေးတွေကို မဖြစ်မနေ ပေးရမှာဖြစ်ပြီး မပေးလို့ မရဘူးလို့ သိရပါတယ်။ ဒါ့အပြင် မရမ်းကုန်းမြို့နယ်အတွင်းမှာ သင်္ကြန်ကာလ စည်ကားစေဖို့ လုပ်ငန်းရှင်တွေ ဆိုင်ပိုင်ရှင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း စစ်ကောင်စီဘက်က ဖိအားပေး လာတယ်လို့ သိရပါတယ်။
