ဆားလင်းကြီး၊ ဘိုက်သရက်ရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ဆိုင်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Fighter 9 Force Salingyi မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက် ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ဘိုက်သရတ်ရွာမှ နေအိမ် ၁ လုံးကို မီးရှို့ပြီး ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် မတောင့်တရွာနှင့် ဖိုလ်ဝင်တောင် အကြားရှိ စားသောက်ဆိုင် ၁ ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ဘိုက်သရက်ရွာမှာ ညအိပ်တပ်စွဲပြီး နံနက်ပိုင်းမှာ ပြည်သူပိုင် နေအိမ် ၁ လုံးနဲ့ ပြည်သူ ၂ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့တယ်။ ရုပ်အလောင်း မသဲကွဲတော့တာက မြင်းခြံဘွားရွာမှာ နေထိုင်သူ ကိုအေးကို တဲ့ ကျန် တစ်ဦးကတော့ အမည်မသိရသေးဘူး။ ပတ်ဝန်းကျင် ရပ်ရွာနေပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထောက်ထားပြီး တခြားသော အကြောင်းတွေကြောင့် စစ်ခွေးစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက် ချေမှုန်းနိုင်ခြင်းမရဘဲ နောက်ပြန်ဆုတ်ခွာခဲ့ရပါတယ်” ဟု Fighter 9 Force Salingyi မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။



