KLG PDF ၂ နှစ်ပြည့် အခမ်းအနားနှင့် ကျဆုံး PDF ရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ပွဲ ပြုလုပ်
ရန်ကုန်၊ ဧပြီ ၃
KLG PDF ကျောက်လုံးကြီးတပ်မဟာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားနှင့် ကျဆုံး PDF ရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
KLG PDF ကျောက်လုံးကြီး အဖွဲ့သည် ရဲဘော် ၃၅ ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ပြီး NUG MOD အသိအမှတ်ပြု တပ်ရင်း ၃ ရင်းရှိကာ ရဲဘော် အင်အား ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း၊ ၂ နှစ်တာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကာ ထောက်ပို့သင်္ဘော ၃ စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင် တော်လှန်ရေး ၂ နှစ်အတွင်း KLG PDF ကျောက်လုံးကြီးအဖွဲ့မှ ရဲဘော် ၂၀ ဦးကျဆုံးခဲ့ကြောင်း၊ ၂ နှစ်တာ ကာလအတွင်း KLG PDF ကျောက်လုံးကြီးအဖွဲ့မှတိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားသော ကျဆုံးရဲဘော်များ၏ မိသားစုဝင်များ၊ စစ်ဘေးရှောင်များ၊မီးဘေးသင့်ပြည်များ၊ CDM ဆရာ ဆရာမများ၊ CDM ဝင်ထားတဲ့ ဆင်ဦးစီး မိသားစုများပါ မကျန် ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
KLG PDF ကျောက်လုံးကြီးအဖွဲ့ ၂ နှစ်ပြည့် အခမ်းအနားတွင် KLG PDF ကျောက်လုံးကြီးအဖွဲ့မှ နာယက ဆရာတော်၊ ဆရာစံ PDF အဖွဲ့မှ ဆရာစံ၊ ဒီပဲယင်း ဂဠုန်တပ်တော်မှ နာယက ဆရာတော်၊ ချင်းတွင်း ဂဠုန်ရာဇာအဖွဲ့ခေါင်း ကိုလတ်တို့မှ တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ဖို့ မိဘပြည်သူများ ပူပေါင်းပါဝင်လာအောင် ဟောပြောခဲ့ကြောင်းသိရှိရသည်။