ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာသား ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
ရန်ကုန်၊ ဧပြီ ၃
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာသား ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဆင်းလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ရွှေတောင်ဦး(အကျိုးကန်းကုန်း)မှ တစ်ဆင့် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကံကုန်းကျေးရွာသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ကံကုန်းကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေပိုင်းတွင် စစ်သားများက ကံကုန်းကျေးရွာရှိ ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ကျန် ပြည်သူ ၁ ဦးကို ဒုံးတောကျေးရွာ မြောက်ပိုင်းကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နှိပ်စက် သတ်ဖြတ်ကာ ကိုင်းတောထဲတွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ ရုပ်အလောင်းများကို ဒေသပြည်သူများက ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။