ငါးဇွန်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် တပ်မ ၅၉ မှ အရာရှိ အပါအဝင် ၇ ဦးထွက်ပြေးစဥ် ၅ ဦး ပြန်လည် ဖမ်းဆီးခံရပြီး PDF တပ်ဖွဲ့မှ သေနတ် ၂ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ ဧပြီ ၃
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ကို စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ် တက်မ ၅၉ မှ အရာရှိ အပါအဝင် တပ်သား ၇ ဦးထွက်ပြေးသွားစဥ် ၅ ဦး ပြန်လည် ဖမ်းဆီးခံရကာ PDF တပ်ဖွဲ့က သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း MN PDF မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၁ ရက်နေ့တွင် မြို့သာမြို့မှ ငါးဇွန်မြို့နယ်ဘက်ကို တောထဲသို့ တောနင်းစစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ အရာရှိ၊ တပ်ကြပ် အပါအဝင် တပ်သား ၇ ဦးသည် စစ်တပ်အတွင်း ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိသဖြင့် ထွက်ပြေးသွားကြောင်း၊ ထိုသို့ထွက်ပြေးကြစဉ် သေနတ် ပါယူဆောင်ထွက်ပြေးခြင်းဖြစ်ပြီး လက်နက်နှင့်အတူ ၅ ဦးမှာ ပြန်လည်ဖမ်းမိသွားကြောင်း၊ စစ်သား ၂ ဦးမှာ သေနတ်များကို တောထဲဖွတ်ထားခဲ့ပြီး ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါ စစ်သား ၂ ဦး သေနတ်ဖွက်ခဲ့သည့် တောတွင်း နေရာများကို မြစ်ငယ် PDF ရဲဘော်များက တောနင်းရှာဖွေစဥ် MA 3 သေနတ် ၂ လက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
“စစ်ကြောင်းထိုးထွက်လာရင်း ထွက်ပြေးတာ၊ သေနတ်နဲ့ ၅ ဦးက ပြန်မိသွားတယ်၊ သေနတ်ကို ချုံထဲ ဖွတ် ထားပြီး ထွက်ပြေးတဲ့နှစ်ယောက်ကတော့ လွတ်သွားတယ်၊ အဲဒါနဲ့ကျတော်တို့တပ်ဖွဲ့တွေလည်း တောနင်းရှာခဲ့တာ၊ အဲဒီဖွတ်ထားတဲ့ သေနတ် ၂ လက်ရခဲ့တယ်၊ အရာရှိတပ်ကြပ်အဆင့်တွေလိုပဲ သိရ တယ်၊ တခြားတော့ မသိရဘူး” ဟု MN PDF မှ ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယင်းနေ့က အကြမ်းဖက်စစ်သားအင်အား ၃၀ ခန့်ဖြင်း စစ်ကြောင်း ထိုးလျက်ရှိကာ ပြန်လည် ဖမ်းဆီးခံရသည့် စစ်သား ၅ ဦး သတင်းနှင့် လွတ်မြောက်နေသူ ၂ ဦး သတင်းကို လက်ရှိချိန်ထိ မသိရသေးကြောင်း MN PDF မှ ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောဆိုသည်။