25 C
Yangon

ကယားပြည်နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၈၁ ဦးသေဆုံးပြီး ၁၃ ဦးအရှင်ဖမ်းမိကာ KNDF ရဲဘော် ၁၂ ဦးကျဆုံး

Must read

ကယားပြည်နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၈၁ ဦးသေဆုံးပြီး ၁၃ ဦးအရှင်ဖမ်းမိကာ KNDF ရဲဘော် ၁၂ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၄

ကယားပြည်နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၈၁ ဦးသေဆုံးပြီး ၁၃ ဦးအရှင် ဖမ်းမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။

မတ်လ တစ်လတာအတွင်း ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တို့ကို အကြမ်းဖက် စစ်တပ်ကထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းအား စစ်မျက်နှာ စာနှစ်ဖက်ညှပ်၍ လွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် တိုက်ပွဲစုစုပေါင်း ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈၁ ဦး သေဆုံးကာ၊ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား ၁၃ ဦး အရှင် ဖမ်းမိပြီး စစ်ကြောင်းထိုးစဥ် အတွင်း ခလရ ၁၂ မှ ဆက်သွယ်ရေးဒုတပ်ကြပ်တစ်ဦးသည် MA-3 သေနတ် တစ်လက်နှင့်တကွ KNDF တပ်ဖွဲ့ထံ လာရောက် ခိုလှုံခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF ဗျူဟာ(၆) မှ တပ်ရင်းတစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ(၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD တို့မှ ခုခံ တိုက်ခိုက်လျက်ရှိပြီး တနီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် ဘောလခဲမှ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေါတမကြီး၊ ဒေါညေးခူနှင့် ဒေါဆိုဖျကျေးရွာအနီးတွင် ကရင်နီတပ်မတော် (KA)၊ KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို KA၊ KNDF/B03၊ KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

လွိုင်ကော်မြို့နယ် နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအကြား စစ်ကြောင်းထိုး လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်ကို KNDF/B02၊ KNDF/B03၊ KNDF/B12 နှင့် KNDF/B14 တို့မှ အခြားပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဥ်၌ ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းလျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ပင်လောင်းမြို့နယ် တောင်မဲတင်း၊ ဘောရမ်၊ နန်းနိမ် နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရှမ်း-ကယား နယ်စပ်ရှိ လွိုင်ကော်မြို့ နှင့် မိုးဗြဲမြို့ အကြားရှိ ဆောင်ကန်းကျေးရွာ နှင့် ကုန်းသာရွာတို့တွင် အကြမ်းဖက် စစ်တပ်က တပ်အင်အား ဖြန့်ထားသောကြောင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ကယန်းသာယာ စစ်ဆင်ရေးဂိတ် နှင့် လွိုင်ကော်မြို့နယ်အခြေစိုက် တပ်ရင်းများသို့ KNDF နှင့် KA တပ်ရင်းများမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာဘက်သို့လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် KA၊ KNDF/B21 နှင့် ဘောလခဲPDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နှင့် လေကြောင်းဖြင့်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများ၏ နေအိမ် ၂၂၈ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၃ ကျောင်းတို့ ထိခိုက် ပျက်ဆီးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် မှ သံဃာတော် ၃ ပါး အပါအဝင် အရပ်သားပြည်သူ ၂၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အတူ လေကြောင်းပစ်ခတ်မှု နှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂၉ ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများ၌ KNDF ရဲဘော် ၁၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များမှ အကြမ်းဖက် စစ်တပ် ထံမှ လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက် နှင့် ခဲယမ်း အမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်သည် ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရာဒေသများကို စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article