ကလေးတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကမြောကင်းတံတားရှိ စစ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဧပြီ ၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးကြောင်း CDF-CDM- Siyin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ကလေးတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများကို CDF-CDM-Siyin အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” အဲဒီ ပစ်ခတ်မှုမှာ စစ်ခွေး ၁ ကောင်သေပြီး ၅ ကောင် ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်” ဟု CDF-CDM- Siyin မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ကမြောကင်းတံတား ဖွင့်ပွဲအတွက် ကင်းပုန်းချထားသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးသေဆုံးကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၂၂ ရက်နေ့တွင် ထားဝယ်နှင့် လောင်းလုံး မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ကမြောကင်း တံတားအသစ် ဖွင့်ပွဲအတွက် ကင်းပုန်းချထားသော စစ်သားများကို ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာကို စစ်ကူလာနိုင်သည့် လမ်းပိုင်း၌ မိုင်းထောင်နေသည့် တော်လှန်ရေး ရဲဘော် ၁ ဦး မိုင်းမတော်တဆပေါက်ကွဲကာ ကျဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့-DGRF၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF နှင့် ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။