29.2 C
Yangon

ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဉ် တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ

Must read

ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဉ် တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ

ရန်ကုန်၊ ဧပြီ ၅

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့်ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် နေအိမ်အလုံး ၁၀၀ ကျော်ထိခိုက်ပျက်စီးပြီး မီးလောင်လျက်ရှိကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က စတင်ပြီးမန့်ဝိန်း ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်မ ၈၈ ၊လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈ နှင့် ထပ်မံဖြည့်တင်းထားသော အကြမ်းဖက်စစ်ကြောင်းမှ ၈၂ မမ လက် နက်ကြီးများဖြင့် စီသာကျေးရွာအတွင်း ပစ်ခတ်နေကြောင်း၊ အလားတူ တိုက်လေယာဉ် ၂ စီးဖြင့် ဖြင့်လည်း ဗုံးကျဲတိုက် ခိုက်နေကြောင်း သိရသည်။

“မန့်ဝိန်းကြီးမှာတပ်စွဲထားတဲ့ စစ်ခွေးတွေက ရွာထဲကို ပစ်နေတာ၊ ၈၂ မမ ဆိုတော့ လမ်းဆုံလောက်က ပစ်တာဖြစ်နိုင်တယ်၊ မန့်ဝိန်းကြီးရွာနဲ့ စီသာရွာဆိုတာက ၅ ဖာလုံလောက်ပဲဝေးတာ၊ တိုက်လေယာဉ် ၂ စီးကလည်း တစ်ခါကျဲရင် ၆ လုံး ၇ လုံးအနည်းဆုံး ကျဲတယ်၊ ၃ ကြိမ်ရှိပြီ၊ အိမ်တွေမီးလောင်နေတယ်၊ ၃ ပုံ ၂ ပုံလောက်တော့ ထိခိုက်ပျက်စီးသွားပြီ၊ မီးကလည်းလောင်နေတယ်၊ လေလဲတိုက်နေတယ်၊ လက်နက်ကြီးတွေနဲ့ပစ်၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲနေတော့ ဝင်ငြိမ်းလို့လဲ မရဘူး၊ စီသာရွာနဲ့ကပ်လျက် မန်နားရွာလဲ ထိထားတယ်၊သူကလမ်းလေး ပဲခြားတာဆိုတော့” ဟု ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေ ကြောင်းမှ ဗုံးကျဲနေမှုကြောင့် နေအိမ် ၁၅၀ ခန့်ရှိသော စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အနီးအနား ဝန်းကျင်ရှိ မန်းနားကျေးရွာမှ နေအိမ် တချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း၊ လက်ရှိချိန်တွင် ရွာသူရွာသားများမှာ ထွက်ပြေးနေရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအ နေဖြင့်လည်း အကြမ်းဖက်စစ်တပ်ကို ခုခံနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

“အခုချိန်တော့ လူထိခိုက်သေဆုံးမှု မကြားသေးဘူး၊ ရွာထဲမှာ PDF တွေရှိတယ်ထင်ပြီး တမင်သက်သက် လက်နက်ကြီးနဲ့ထု ဗုံးကျဲနေတာပါ၊ သူတို့က ရွာတစ်ရွာကို ဝင်တော့မယ်ဆိုရင် အခုလိုပဲ လက်နက်ကြီးနဲ့ ထု၊တိုက်လေယာဉ်နဲ့ ဗုံးကျဲနေကျ၊ အခုထက်ပိုမို ခုခံနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ရွှေကူ PDF မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article