နောင်ချိုတွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာ ၅ ရွာက ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဧပြီ ၅
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများပါ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာ ၅ ရွာက ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နောင်ချိုမြို့နယ်ရှိ ကျောက်မဲလေးရွာနှင့် သံဘိုရွာ အကြားတွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာ ၅ ရွာက ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
” နောင်ချိုမြို့နယ် ကျောက်မဲလေးရွာနဲ့ သံဘို ရွာအကြားမှာ ညနေ ၄ နာရီလောက်က ဖြစ်တယ်လို့ သိရတယ်။ ဆိုင်ကယ်၊ ကားတွေနဲ့ ပြင်ဦးလွင်နယ်ဘက်ကို ဝင်လာကြတယ်။ စစ်ခွေးတွေနဲ့ ဘယ်အဖွဲ့တွေ တိုက်ပွဲ ဖြစ်ကျလဲတော့ မသိဘူး။ PDF တွေကော တိုင်းရင်းသား လက်နက်ကိုင်တွေကော ရှိနေတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကျောက်မဲလေးရွာ၊ ချောင်းကွေ့ရွာ၊ ထုံးကုန်းရွာ၊ ဟိုခိုရွာနှင့် သံဘိုရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
