မင်းတပ်တွင် တိုက်ပွဲ ပြင်းထန်နေသည့်အပြင် စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် CDF -မင်းတပ် က သတိပေး
ရန်ကုန်၊ ဧပြီ ၇
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တိုက်ပွဲ ပြင်းထန်နေသည့်အပြင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း CDF -Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မင်းတပ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ် ခလရ ၂၇ တပ်ရင်းက မင်းတပ် မြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ဆက်တိုက် ပစ်ခတ်နေကြောင်း၊ ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ချင်း ပြည်နယ်-မကွေးတိုင်း နယ်စပ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ ယောဒေသကာကွယ်ရေး ပူးပေါင်း မဟာမိတ် တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ၊ တိုက်ပွဲများနှင့် စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ပြည်သူများ အနေဖြင့် လူစုလူဝေး မပြုလုပ်ကြရန် သတိပေးကြောင်း CDF မင်းတပ်က ပြောသည်။
“စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေလို့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ထုတ် ပြန်ထားတယ်။ မင်းတပ်မြို့ အခြေစိုက် စစ်ခွေးတွေက ကျေးရွာတွေကို လက် နက်ကြီးတွေနဲ့ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာပါ ပြည်သူတွေ ထိခိုက်မှုရှိ ၊ မရှိတော့ အတည်မပြုနိုင်သေးဘူး။ ချင်းပြည်နယ်-မကွေးတိုင်း နယ်စပ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်” ဟု CDF -Mindat မှ တာ ဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက်မင်းအောင်လှိုင်က လာမည့် ဧပြီလ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်များကို ပြည်နယ်နှင့်တိုင်းများအားလုံးတွင် မဖြစ်မနေ စည်ကား အောင် ပြုလုပ်ရမည်ဟု အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။