စစ်ကိုင်းမြို့နယ်နှင့်မတ္တရာမြို့နယ်အစပ် ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဉ်များဖြင့်ပစ်ခတ်၊ ပြည်သူထောင်ချီ ထွက်ပြေးနေရ
ရန်ကုန်၊ ဧပြီ ၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာအပါအဝင် ကျေးရွာများနှင့် မတ္တရာမြို့နယ်ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဉ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးနေသဖြင့် စစ်ကိုင်းမြို့နယ် တလိုင်း၊ ကျောင်းဖြူ၊ စဉ့်ကိုင်၊ အုတ်ဖို၊ ချောင်းဦး ၊ မယ်ဇလီချောင်း ၊ထုံးဘို၊ မြေတိုင်၊ ကသဲတာ၊ ထိပ်စုကုန်း၊ အုန်းသဇင် ရွာများနှင့် မတ္တရာမြို့နယ်၊ ကျွန်းရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဧပြီလ ၈ ရက်နေ့တွင် စစ်တပ်က တလိုင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် တလိုင်းရွာမှ နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ကျေးရွာ ဆေးခန်းပေးခန်းတွင် ခေါင်းမိုး၊နံရံများပျက်စီးပြီး ဆေးဝါးပစ္စည်းများဖျက်ဆီးခံရကြောင်း၊ ကျေးရွာ မီးပေးသည့် ထရန်စဖော်မာ သေနတ်ဖြင့် ပစ်ဖောက်ဖျက်ဆီးခံရကြောင်း၊ နွားနှစ်ကောင်သေဆုံးပြီး သုံးဘီးတစ်စီး၊ ဆိုင်ကယ်သုံးစီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရှိရသည်။
ထို့ပြင် သက်ကြီးရွယ်အို ၂ ဦး ၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ၊ လက်ရှိအချိန်အထိ ပြည်သူများအားလုံးမှာ ထွက်ပြေး တိမ်းရှောင်နေရကာ အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။