မြိုင်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ကဝတွင် ဆက်ကြေးကောက်ရန် လာသည့် ရဲ ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myaing Villages Revolution Front ထံမှ သိရသည်။
ဧပြီလ ၉ ရက်နေ့တွင် မြိုင်မြို့မှ အင်အားဖြည့်တင်းပြီး စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်နယ် ပ.က.ဖ များမှ ကင်းပုန်းဝပ်ကာ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Myaing Villages Revolution Front က ထုတ်ပြန်ထားသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကဝမြို့တွင် ဆက်ကြေးကောက်ခံရန် လာသည့် ရဲ ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကဝမြို့နယ် ရှမ်းကန်-သပြုလမ်းမပေါ်၌ ဆက်ကြေး ကောက်ခံရန်ထွက်လာသည့် ရဲ ၂ ဦးကို ကဝမြို့နယ် ပကဖ က ပိတောက်ဖူး စစ်ဆင်ရေးအဖြစ် ပစ္စတိုဖြင့် အနီးကပ် ၇ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ဆိုင်ကယ် နောက်၌ လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ သေနတ်ကျည် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းလာသော ရဲ ၁ ဦးမှာ ကြောက်လန့်ပြီး မောင်းပြေးသွားကြောင်း သိရှိရသည်။
