သဲကုန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး ပြင်းထန် ဒဏ်ရာရ၊ သထုံတွင် စစ်တပ် ပြုလုပ်မည့် သင်္ကြန်ပွဲအား သတိပေး ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၂
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဂျပန်ဂိုးပြိုင်ပွဲမှ ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် သဲကုန်းမြို့နယ်၊ ရွာထောင်ကုန်းရွာတွင် ပြုလုပ်နေသည့် ရဲ့ရဲ့ကန်ဂျပန်ဂိုးပြိုင်ပွဲတွင် လုံခြုံရေးယူပြီး ဆိုင်ကယ် ၆ စီးဖြင့်ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နွေဦး အဖွဲ့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် သင်္ကြန်ပွဲတော် ကာလတွင် စကစတပ်ဖွဲ့ဝင်များ ရှိသည့် နေရာများကို သွားရောက် ပျော်ပါးခြင်း မပြုကြရန်၊ စစ်ကောင်စီနှင့် နီးစပ်သော နေရာများတွင် နေထိုင်ခြင်းမပြုကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နွေဦး အဖွဲ့က ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊ သထုံမြို့ရှိ နောင်ကုလားရွာနှင့် ကျောင်းကုန်းရပ်ကွက်တို့တွင် အကြမ်းဖက် စစ်တပ် ပြုလုပ်နေသည့် သင်္ကြန်ပွဲအား သတိပေးသည့် အနေဖြင့် ဗုံးဖောက်ခွဲခဲ့ကြောင်း သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ သွေးစွန်း သင်္ကြန်ပွဲအား သတိပေးသည့် အနေဖြင့် နောင်ကုလားကျေးရွာတွင် ဗုံး ၁ လုံးဖောက်ခွဲခဲ့ကြောင်း၊ ဧပြီလ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သထုံမြို့ ကျောင်းကုန်းရပ်ကွက်နှင့် မီတာရုံးအနီးတွင် ထပ်မံ ဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရှိရသည်။
သထုံနေမြို့ ပြည်သူများ အနေဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်တပ်နှင့် ဝေးဝေးနေကြပါရန်၊ စစ်ကောင်စီ၏ သင်္ကြန်ဖြစ် မြောက်ရေး အတွက် အားဖြည့် ကူညီပေးသည့် လုပ်ငန်း ရှင်များနှင့် ပါဝင် ပတ်သက်သူ အားလုံးကို စားရင်း ဇယားနှင့်တကွ ထိရောက်စွာ အရေးယူရန်၊ သင်္ကြန်အတွင်း အဆပေါင်းများစွာ ပြင်းထန်သည့် စစ်ရေးဦးတည်ချက်များ ရှိသည့်အတွက် ပြည်သူများ အပျော်အပါးကို မပါဝင်ကြရန်၊ ပြည်သူများကြောင့် ဖျက်သိမ်းခဲ့ရသည့် မစ်ရှင် များပြားခဲ့သောကြောင့် ရှေ့ဆက်၍ လိုက်နာမှု မရှိသော ပြည်သူများ ထိခိုက်ပါက တာဝန်ယူမည် မဟုတ်ကြောင်း သထုံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။