သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၃
ပဲခူးတိုင်း၊ သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် သုံးဆယ်မြို့၊ သင်္ကန်းကုန်းနှင့် မြောက်ပန်းဆွဲရွာ အကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လုံခြုံရေးယူထားသော ပျူစောထီးအဖွဲ့များ ဦးဆောင်သည့် လောင်းကစားဝိုင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကင်းအဖွဲ့တာဝန် ယူထားသော ပျူစောထီး အဖွဲ့ဝင် ကတုံး ဆိုသူ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ထိုးသား ပြည်သူတွေ ပြန်တဲ့ အချိန်အထိစောင့်ပြီး အဝေးထိန်း ရှေ့ထွက်မိုင်းနဲ့ ကျွန်တော်တို့အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ကင်းအဖွဲ့ တာဝန် ယူထားတဲ့ ပျူစောထီးအဖွဲ့ဝင် ကတုံး ဆိုသူ ပြင်းထန်ဒဏ်ရာတွေနဲ့ သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံကိုပို့ဆောင်လိုက်ရတယ်လို့ သိရတယ်။ သေဆုံးသူတော့ မရှိဘူး” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ အယောင်ဆောင်သင်္ကြန် အတင်းအကြပ် ကျင်းပနေပြီး ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများကို သွားလာနေထိုင်းခြင်း မပြုလုပ်ရန်နှင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။