25 C
Yangon

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိ

Must read

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိ

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိထားပြီဖြစ်ကြောင်း မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

လတ်တလော ကောက်ယူရရှိထားသော စာရင်းဇယားများအရ သေဆုံးသူများတွင် ပဇီကြီးရွာမှ ကလေးငယ် ၂၁ ဦး၊ လူကြီး ၉၆ ဦး၊ လေးတွင်းစဥ်ရွာမှ ပြည်သူ ၁၀ ဦး၊ ရွာသာယာရွာမှ ပြည်သူ ၁၄ ဦးနှင့် ထနောင်းကိုင်းကြီးရွာမှ ပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၁၄၄ ဦး သေဆုံးခဲ့သည်ကို အတည် ပြုနိုင်ကြောင်း၊ အခြားသော အလောင်းများ၏ ကျေးရွာများနှင့် နေရပ်များကို ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ကျေးရွာနှင့် နေရပ် အတည်မပြုနိုင်သေးသည့် အလောင်းအရေအတွက်ကိုလည်း မသိရှိရသေးကြောင်း မြေပြင်ကယ်ဆယ်ရေးသမားများက ဆိုကြသည်။

” အခုဗုံးကျဲတိုက်ခိုက်ခံရတဲ့ နေရာက ပအဖတို့ ပကဖတို့ ဖွဲ့စည်းရေးတို့ မြို့နယ်ရုံးတို့ ဆိုတာ မဟုတ်ပါဘူး။ ရွာအဝင်ကင်းတဲပါ စစ်အာဏာသိမ်းပြီး မလုံခြုံတဲ့ ပြည်သူတွေက ကျေးရွာ လုံခြုံရေး ကင်းသမားတွေ နေထိုင်ဖို့ အဆောက်အဦးအသစ်ကို အန္တရာယ်ကင်း တရားနာ ကျင်းပပြီး ကြာဇံနဲ့ဝက်သား ကျွေးမွေးနေတုန်း တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံရတာပါ။ အရေအတွက်ကတော့ အခုထိ အတည်မပြုနိုင်သေးဘူး။ နယ်မြေရှင်းလင်းနေတုန်းပါပဲ ဒီနေ့မှာလည်း ရုပ်အလောင်းတွေကို သင်္ဂြိုလ်လိုက်ပါတယ်” ဟု မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၀၀ ကျော်​သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး ဒဏ်ရာ ရသူတွေထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးပါဝင်ကာ တစ်ဦး လက်ဖြတ်ထားရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ပဇီကြီးရွာရှိ ပြည်သူပိုင် နေအိမ်များကို ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့ပြီး နေအိမ် အများအပြား ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article