ဟားခါး၊ ချွန်ကျုံးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကားတွေ မီးလောင်၊ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ
ရန်ကုန်၊ ဧပြီ ၁၃
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားဒီကနေ့ ဧပြီ ၁၃ ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းနေပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
” ဒီနေ့ မွန်းတည် ၁၂ နာရီထိုးခါနီးလောက်မှာ လေကြောင်းကနေပစ်တာ။ ရွာကခုထိမီးလောင်နေ တုန်း” လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ မနေ့က (ဧပြီ ၁၂) ရက်နေ့ ညနေပိုင်းကလည်း ချွန်ကျုံးရွာကိုလေကြောင်း တိုက် ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဗုံးကျဲတာရှစ်ကြိမ်ရှိပြီး ဗုံးပေါက်ကွဲသံတွေကို ဟားခါးမြို့ ပေါ်ကနေ ကျယ်လောင် စွာကြားရတယ်လို့ မြို့ခံတွေကဆိုပါတယ်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၇ ရက်နေ့က ကလေးမြို့ကနေ ဟားခါးကိုတက်သွားနေတဲ့ စစ်တပ်စစ်ကြောင်းဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ်တိုက်ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရတယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
အထိနာတဲ့အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၁၁ ရက်နေ့က ချွန်ကျုံးရွာ ကိုမီးရှိူ့တာ ကြောင့် နေအိမ် ၂၄ လုံးမီးလောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ဒီနေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီအကြား ဟားခါးမြို့နယ်၊ ချွန်ကျူံးကျေးရွာမှာ စစ်ကောင် စီ ရဲ့ လက်နက်သယ်နေတဲ့ ယာဉ်တစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်တာကြောင့် အဲဒီယာဉ် မီးလောင်သွားပြီး အခြားယာဉ်တွေနဲ့ လူနေ အိမ်တွေကို ပါ မီးကူးစက်မှုဖြစ်ပွားတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာလည်း ဒီနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ မနေ့ ဧပြီလ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီယာဉ်တန်းမှ ကား ၃ စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ပါသေးတယ်။


