26 C
Yangon

ရန်ကုန်၊ မန္တလေး၊မကွေး မော်လမြိုင်၊ ပုသိမ် အပါ အဝင် မြို့ကြီးများတွင် သင်္ကြန်အကြိုနေ့ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေပြီး ပြည်သူများ အပြင်မထွက်ကြ

Must read

ရန်ကုန်၊ မန္တလေး၊မကွေး မော်လမြိုင်၊ ပုသိမ် အပါ အဝင် မြို့ကြီးများတွင် သင်္ကြန်အကြိုနေ့ အသံတိတ်သပိတ်ကဲ့သို့ ခြောက်ကပ်နေပြီး ပြည်သူများ အပြင်မထွက်ကြ

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ် အပါအဝင် မြို့ကြီးအများစုတွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ ကျရောက်သည့် သင်္ကြန်အကြိုနေ့ လမ်းမများပေါ်တွင် ရေပက်ခံသူ၊ ရေကစားသူများ လုံး၀ မရှိသလောက် နည်းပါးပြီး အသံတိတ်သပိတ်ကဲ့သို့ မော်တော်ကား လူသူ ကင်းရှင်း ခြောက်ကပ်နေခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ရန်ကုန်မှာတော့ ဘယ်နားမှ လူမစည်ဘူး။ ပြည်သူ့ရင်ပြင်နားမှာ ရဲတွေ စစ်သားတွေ နဲ့ရဲကား၊ စစ်ကားတွေ လှည့်နေတယ်။ သူတို့ မဏ္ဍပ်ထဲဝင်ရင် အစစ်ဆေးခံပြီး ဝင်ရတယ်။ အဲဒီတော့ ဝင်လည်း မဝင်ကြဘူး။ ရေပက်ခံကားလည်းမရှိဘူး။ ဆူးလေမြို့တော်ခန်းမ ဘက်မှာလည်း ဘယ်ရီရာ ဂိတ်တွေ ချပြီး စစ်ဆေးတာတွေရှိတယ်။ လမ်းပေါ်မှာကတော့ လူကို မရှိတာ။ မီးတွေကလည်း မမှန်ဘူး။ ပျက်လိုက် လာလိုက်ဆိုတော့ တချို့မြို့နယ် သင်္ကြန်မဏ္ဍပ်တွေ မီးပျက်လို့ သီချင်းတောင် ဖွင့်သံမကြားဘူး” ဟု ရန်ကုန်မြို့ကို လှည့်လည် ကြည့်ရှုခဲ့သူ ရန်ကုန်တက္ကစီသမားတစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၅၇ မိနစ်အချိန် 230kVရွှေလီ-မန်စံ ဓာတ်အားလိုင်းအပြစ်ဖြစ်ပြီး ဓာတ်အားစနစ် ချို့ယွင်းသွားသဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးအများစုတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

“ပူကပူ။၊မီးက မလာနဲ့။ ယပ်တောင် ခပ်ပြီးနေရတယ်။ ဖုန်းလေးပွတ်ပြီး သတင်းတွေ တက်လာရင်ဖတ်တယ်။ ဘယ်မှလည်း မသွားဘူး။ သွားချင်းလည်း မသွားချင်ဘူး” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

ရွှေပြည်သာမြို့နယ်ရှိ မြို့နယ်ဗဟိုသင်္ကြန်မဏ္ဍပ်တွင် လူမရှိ၍ တစ်ရပ်ကွက်လျှင် လူ ၂၀ ဦးကို နံနက် ၉နာရီမှ နံနက် ၁၁နာရီအထိတစ်ကြိမ် ၊ ညနေ ၃ခွဲမှ ၅နာရီအထိတစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ရာအိမ်မှူးများက ဦးဆောင်၍ တစ်ဦးလျှင် နေ့တွက်‌ောကး တစ်သောင်းနှုန်းဖြင့် ပို့ဆောင်ပေးနေကြောင်း၊ အစားအသောက်နှှု့် အကြိုအပို့ တာဝန်ပါယူပေးကြောင်း သိရှိရသည်။

အလားတူ မန္တလေးတွင်လည်း ရေပက်ခံသူ၊ ရေပက်သူမရှိဘဲ သင်္ကြန်သည် လုံးစ တိတ်ဆိတ်စွာဖြင့်ပင် ခြောက်သွေ့နေခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က လမ်းလျှောက်သင်္ကြန်လုပ်တဲ့နားလေးတွေမှာတော့ လူလေး ဟိုတစ်စု၊ ဒီတစ်စုတော့ရှိတယ်။ အဲဒါလည်းသူတို့လူတွေပဲဖြစ်လိမ့်မယ်။ သာမန် မန္တလေးသူ မန္တလေးသားကလည်း ထွက်လည်း မထွက်ဘူး။ လည်လည်း မလည်ဘူး။ ကြည့်လည်းမကြည့်ဘူး။ အကုန်ငြိမ်သက်နေတာ” ဟု မန္တလေးမြို့ခံ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အာဏာမသိမ်းမီ ယခင်ကာလက သင်္ကြန်ကာလမတိုင်မီ စတိုးဆိုင်များတွင် နေကာမျက်မှန်၊ ဆံပင်ဆိုးဆေး၊ လူငယ်များကြိုက်သည့် အဝတ်အစား အလွန်ရောင်းကောင်းခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝယ်သူမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီနှစ်ဆိုရင် ဘယ်သူကမှ သင်္ကြန်လည်ဖို့ဆိုပြီး ဝယ်တာ။ အဝတ်အစား နေကာမျက်မှန် ဆံပင်ဆိုးဆေး ဝယ်တာမရှိကြဘူး။ တကယ်ကိုမရှိတာ” ဟု မန္တလေးစတိုင်းဆိုင်ပိုင်ရှင်က ှရင်းပြသည်။

အလားတူ ပုသိမ်၊ မကွေး၊ မော်လမြိုင် အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားများကို မိုးပျဘောလုံးများ လွှတ်တင် ဖွင့်ပွဲ အခမ်းအနားကျင်းပကြသော်လည်း ပြည်သူများက ပူးပေါင်းပါဝင်ခြင်းမရှိဟု သိရှိရသည်။

“မကွေးမြို့ ဗဟိုမဏ္ဍပ်တွေမှာ ရဲ၊ စစ်သား၊ယာဉ်ထိန်းရဲ၊ အရပ်ဝတ်တွေ အကုန်ရှိတယ်။ တချို့ စစ်သားတွေက ယူနီးဖောင်းနဲ့ သေနတ်တချိန်ချိန်နဲ့ ။ လမ်းပေါ်မှာလည်း မော်တော်ပီကယ်က ရှေ့လျှောက်လိုက် မတ်တပ်ရပ်လိုက်နဲ့ ရေပက်ခံ ကား ကလည်း မရှိတော့ သူလည်း ဘာလုပ်ရမှန်းမသိ။ ပြည်သူတွေကလည်း ထွက်ကိုမလာကြတာ။ အသံတိတ်သပိတ်နေ့တုန်းကလိုကို လမ်းတွေ လူတွေရှင်းနေတာ” ဟု မကွေးမြို့ခံပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်များအရ မြစ်ကြီးနား၊ ဗန်းမောက်၊ ပဲခူး၊ ရေတာရှည်၊ တနင်္သာရီ အပါအဝင် မြို့ကြီးအများစုတွင်လည်း ယနေ့ သင်္ကြန်အကြိုနေ့ လူသူလုံး၀ စည်ကားခြင်းမရှိဘဲ တိတ်ဆိတ်ခြောက်သွားခဲ့ကြောင်း၊ တိတ်ဆိတ်ခြောက်ကပ်နေသည့်ပုံစံမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကဲ့သို့ဖြစ်နေခဲ့ကြောင်း သိရှိရသည်။

“တိုးတိုးလေးလည်း မပျော်နိုင်ပါဘူး။ တိတ်တိတ်လေးလည်း အပျော်မရှာနိုင်ပါဘူး။ ကိုယ့်ပြည်သူတွေ ကလေးတွေ သေနေကြတာ။ ဧပြီလ ၁၁ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကျဲလို့ သေသွားကြတာ။ ဒီနေ့ဆိုရင် ၃ ရက်မြောက် နာရေးတွေ ထုံးစံအတိုင်း သဂြိုလ်ရမယ့်နေ့။ အရေအတွက်ကလည်း အခုဆိုရင် ၁၆၀ ကျော်လာပြီဆိုပြီး သတင်းမှာဖတ်လိုက်ရတယ်။ နာရေးဖြစ်နေတာ ဘယ်လို စိတ်နဲ့မှ မပျော်ရွှင်ပါဘူး။ ဥပုသ်စောင့် ကုသိုလ်ယူ ပုတီးစိတ်တယ်။ ကွယ်လွန်သူတွေကို မေတ္တာပို့ပါတယ်” ဟု မရမ်းကုန်းမြို့နယ်မှ အငြိမ်းစား ကျောင်းဆရာတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article