ထန်းတပင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ သေနတ် ၃ လက် သိမ်းဆည်းရမိ၊ မြင်းမူမြို့တွင် တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၄
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာ အရှေ့ဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA၊ PDF ပူးပေါင်း တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ သေနတ် ၃ လက် သိမ်းဆည်းရမိ KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာ အရှေ့ဘက်၌ အကြမ်းဖက် စစ်တပ်နှင့် KNLA၊ PDF ပူးပေါင်း တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ သေနတ် ၃ လက်သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
“သူတို့ဘက် အကျများတယ်။ သူတို့စစ်ကြောင်းထိုးလာတာ အလုံးအရင်းပဲ သေနတ် ၃ လက် သိမ်းဆည်းရမိတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ အထက ၁ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း True Fighter တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပျံလွှား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းဝန်း အတွင်း တပ်စွဲထားသော စစ်သားများ သန့်ရှင်းရေး လုပ်ဆောင်နေစဥ် True Fighter တပ်ဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ကျောင်းထဲမှာ သန့်ရှင်းရေး လုပ်နေတဲ့ စစ်ခွေး ၆ ကောင်ကို ရဲဘော်တွေက ကျောင်းဝန်းအပြင်ကနေ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ ရဲဘော်တွေ ပြန်ဆုတ်ခွာတဲ့ အချိန်မှာ စစ်ခွေးတွေက ကလစ်ဆိုင်ကယ်နဲ့လိုက်ပစ် ပေမယ့် ရဲဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု True Fighter တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပျံလွှား က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုသည် ကန့်ဘလူ၊ ပဇီကြီးကျေးရွာတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ပြည်သူများအတွက် သွေးကြွေးပြန်ယူသည့် အနေဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် မစ်ရှင်များ ထပ်မံ လုပ်ဆောင်ရန် အကူအညီများ လိုအပ်လျက်ရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုပျံလွှား က ဆက်လက်ပြောဆိုသည်။