ဝက်လက်မြို့ပေါ် ဂျုံ သွားရောင်းသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ် ဂျုံ သွားရောင်းသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ဝက်လက်မြို့နယ် အောင်ချမ်းသာရွာသား ကိုကျော်ခိုင်နှင့် ဘင်တဲရွာသား ကိုဘိုင်ဘိုင် တို့သည် ဝက်လက်မြို့ပေါ်သို့ ဂျုံ သွားရောင်းစဥ် အကြမ်းဖက် စစ်တပ် အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့ပေါ်ရှိ ပွင့်လင်းပွဲရုံ အနီးတွင် ဆိုင်ကယ် ၂ ဦးစီးသည်ဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မီးသတ်ရုံ အနီးတွင် သတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုများထံ ပြန်လည် ပေးအပ်ခြင်းမရှိကြောင်း သိရသည်။
” ၁၁ ရက်နေ့က အောင်ချမ်းသာ နဲ့ ဘင်တဲရွာက လူငယ် ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာ အဲ လူငယ်လေးတွေက ကိုရင်ဝတ်ထားတာ ၂ ပတ်လောက်ပဲရှိသေးတယ်လို့ သိရတယ်။ ရွာကနေ ဝက်လက်မြို့ပေါ်ကို ဂျုံပေါ်တဲ့ကာလဆိုတော့ ဂျုံ သွားရောင်းရင်း အသတ်ခံရတာ ဆိုင်ကယ် ၂ ယောက် စီးလို့ဆိုပြီး ဖမ်းပြီး သတ်ဖြတ်ပြီးမှ စစ်ခွေးတွေက PDF ဆိုပြီး သတင်းလွှင့်တာ အဲလူငယ် လေး ၂ ဦးက ဘောင်းဘီနဲ့ သွားတာ မဟုတ်ဘူး။ ပုဆိုးနဲ့သွားတာ စစ်ခွေးတွေ ဓာတ်ပုံရိုက်ပြီး သတင်းလွှင့်တော့ ဘောင်းဘီတွေ ဖြစ်နေတယ်။ စစ်ခွေးတွေက မိသားစုတွေကို အလောင်း ပြန်မပေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။