ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း L.G.R.F အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ရေဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြင်းဒေါင်းရေသန့်စက်၊ ရွာသစ်ကုန်းမှ စစ်သားများကို L.G.R.F အဖွဲ့မှ မြင်းဒေါင်းကျေးရွာနှင့် မကျီးအုပ်ကျေးရွာ အကြားတွင် ၃ ကြိမ် မိုင်းဆွဲခဲ့ကြောင်း၊ သရက်ပင်စု ကျေးရွာအနီး တမာတန်းတွင် ၂ ကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” မိုင်းဆွဲတာက ပျူစောထီးရွာတွေ နားထိသွားပြီး စစ်ခွေးစစ်ကြောင်းတွေ ကို တိုက်ခိုက်ရတာ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်။ စစ်ခွေးတွေကတော့ ၆ ကောင်သေတယ်။ ၁၆ ကောင် ဒဏ်ရာရတယ်” ဟု L.G.R.F အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်၌ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား ၁၂၀ ခန့်ဖြင့် မကျီးအုပ်ကျေးရွာသို့ မြင်းဒေါင်းမကျီးအုပ် မူးဘောင်မှ စစ်ကြောင်း တစ်ကြောင်း၊ မြင်းဒေါင်း မကျီးအုပ် ရေဆိုးမြောင်းမှ စစ်ကြောင်း တစ်ကြောင်းနှင့် မြင်းဒေါင်း ဆေးပေါင်းတိုက်မှ စစ်ကြောင်း တစ်ကြောင်းဖြန့်ကာ ချီတက်ခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf အဖွဲ့ထံမှ သိရသည်။
ယင်းစစ်ကြောင်း ၃ ကြောင်းသည် မကျီးအုပ်ကျေးရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းပဒေသာ ၄ လုံးတွဲ၊ မိုင်း ၁၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး PLA ရဲဘော်များနှင့်အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကာ စစ်သားအများ အပြား ထိခိုက်မှုရှိသော်လည်း သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်များ၊ ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf ၊ TIGER – Local People Defence Force Khin U၊ ဒေါင်းနီ LDF၊ ဒို့ညီနောင် LDF အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Kurdaf က ထုတ်ပြန်ထားသည်။
