ရေစကြိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး
ရန်ကုန်၊ ဧပြီ ၂၁
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာ ၂ ခုနှစ်ခုကို တပြိုင် တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၀ ရက် နံနက် ၄ နာရီခွဲခန့်က ရေစကြိုမြို့၊ အမှတ် ၄ ၊ဖောင်တော်ဦး ရပ်ကွက်ရှိ ငြိမ်းဇာနည် အကြမ်းဖက် စစ်ကောင်စီတပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်မည့် အခြေ အနေသို့ ရောက်ရှိခဲ့သော်လည်း လက်နက်ခဲယမ်း ကျည်မလုံလောက်မှုကြောင့် ပြည်လည် ဆုတ်ခွာခဲ့ ရကြောင်း၊ ယင်းစခန်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“ကျနော်တို့မှာက လက်လုပ်နဲ့ တိုက်ခိုက်ရတာ ဆိုတော့ ပထမ တစ်ချက်ပစ်ပြီး နောက်တစ်ချက် ထပ် ပစ်ဖို့ ကျည်ထည့်နေတုန်း မှန်သွားတာ၊ မြို့ပေါ်မှာ ဆိုတော့ ပြောင်ကြီး အကာအကွယ်တွေက သိပ်မရှိ ဘူး၊ ရှိတဲ့ အပင်လေးတွေကို အကာအကွယ်ယူပြီး တိုက်နေရတာ၊ အခုကျဆုံးတဲ့ ရဲဘော်က တိုက်ခိုက် ရေးမှာလဲ အရမ်းတော်တယ်၊ သတ္တိလည်းရှိတယ်၊ အဓိကကတော့ ငြိမ်းဇာနည်စခန်းကို သိမ်းနိုင်ဖို့ပဲ၊ မြို့လည်ခေါင်က ရုံးပေါင်းစုံကတော့ စစ်ကူမလာနိုင်ဖို့ တိုက်ခိုက်ရုံပဲတိုက်ခိုက်ခဲ့တာပါ၊” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။
အလားတူ တချိန်တည်း ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ရုံးပေါင်းစုံရှိ အကြမ်း ဖက်စစ်သားများကို စစ်ကူမလာနိုင်ရန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နေ့လည် ၁၁ နာရီခန့်အထိ ကြာမြင့်ခဲ့ ပြီး ကျည်အင်အား မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးကာ ၁၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)၊ မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ခွဲ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ၊ ညောင်ဦး ခရိုင်တပ်ရင်း ၅ ၊ ရဲဘော်ညီနောင် တပ်ဖွဲ့ ၊ Royal Eagle People Defence Force (YSO)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲအတွင်းသို့ ပခုက္ကူမြို့မှ စစ်ကားအကြီး ၃ စီးဖြင့် စစ်ကူလာရောက်ခဲ့ ကြောင်း သိရသည်။