စဥ့်ကူး၊ ခက်သင်ရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၂၁
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ခက်သင်ရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က စဥ့်ကူးမြို့နယ်၊ ခက်သင်ရွာကို ဝင်ရောက် စီးနင်းစဥ် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများအား စစ်သားများက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်သောကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
ပြည်သူများကို လိုက်လံပစ်ခတ်ပြီးနောက် အကြမ်းဖက် စစစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“ခက်သင်ရွာက အမျိုးသမီးငယ်တစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ စစ်ခွေးတွေက ရွာကို မီးမရှို့ခင် ထွက်ပြေးတဲ့ သူတွေ လိုက်ပစ်ခတ်ရင်း သေနတ်ထိမှန်သွားတာပါ။ ရွာ မြောက်ပိုင်း တစ်ပိုင်းလုံး မီးထဲပါသွားတာ အိမ်ခြေ ၂၀၀ ကျော်ပြာကျသွားတယ်။ ရွာမှာက အိမ်ခြေ ၆၀၀ လောက်ပဲရှိတာ ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ဖမ်းသွားလဲဆိုတာ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။