မြဝတီမြို့နယ်၊ မဲကနယ်ရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွား
ရန်ကုန်၊ ဧပြီ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ရွာရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့နယ် မဲကနယ်ရွာကို လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်း ၄ ရက်ကြာတပ်စွဲပြီးနောက် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
” မဲကနယ်ရွာမှာ စစ်ခွေးတွေ ပတ်ပြီးခိုးသွားတယ်။ အိမ်တွေ အကုန်လုံးကို ပတ်ခိုးသွားတာ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတယ်။ အခုမနက်လေးတင် ရွာထဲဝင်ကြည့်ပြီး ပြန်ထွက်လာရတယ်။ စစ်ခွေးတွေက ရွာထဲကို လက်နက်ကြီးတွေနဲ့ လှမ်းထုနေလို့ ရွာထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်ဘဲ ပြန်ထွက်ခဲ့ရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။



