နေပြည်တော်တွင် လေဆင်နှာမောင်းတိုက်မှု သေဆုံးသူ ၇ ဦးရှိပြီး အိမ်ခြေ ၂၀၀ ကျော်ပျက်စီး၊ ဒဏ်ရာရရှိသူအများအပြားရှိ
ရန်ကုန် ၊ ဧပြီ ၂၂
နေပြည်တော်၊လယ်ဝေမြို့နယ်၊ တံတားဦးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် ယမန်နေ့ ညနေပိုင်း လေဆင်နှာမောင်းတိုက်ခိုက်ပြီး သေဆုံးသူ ၇ ဦးရှိကာ အိမ်ခြေ ၂၀၀ ကျော်ပျက်စီး ခဲ့ကြောင်း ဒေသပြည်သူများနှင့်ကယ်ဆယ်ရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။
ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် လယ်ဝေမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခိုက်ပြီး ရွာလုံးကျွတ် ပျက်စီးသွားကြောင်း၊ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် အောင်မြင်ကုန်းကျေးရွာမှ အမယ်အို ၁ ဦး၊ အမျိုးသား ၁ ဦး ၊ တံတားဦးကျေးရွာမှ ပြည်သူ ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိပြီး စိုးရိမ်ဒဏ်ရာရရှိသူ ၂၀ နီးပါး ရှိကြောင်း ၊တံတားဦးရွာမှ အိမ်ခြေ ၇၇ လုံး ၊အောင်မြင်ကုန်းရွာမှ အိမ်ခြေ ၁၅၅ လုံး ပျက်စီးသွားကြောင်း သိရှိရသည်။
“နေပြည်တော်လယ်ဝေးမြို့အနောက်ဘက်မှာ အင်အားပြင်းလေဆင်နှာမောင်းတိုက်ခတ်ပါတယ်။ လောလောဆယ်အရေးပေါ်ကားတွေနဲ့ ကယ် ဆယ်ရှင်းလင်းရေးတွေ လုပ်နေပါတယ်။ အောင်မြင် ကုန်းကျေးရွာမှ အမေကြီးအိုရယ်အမျိုးသားတဦးရယ်သေပါတယ်။ တံတားဦးကျေးရွာကလည်း ၅ ဦးသေပါတယ်။ အခုထက်ထိတော့ ကယ်ဆယ်ရေးတွေ လုပ်နေတုန်းပါပဲ။ အိမ်တွေကလည်း ရစရာမရှိတော့ဘူး။ ပျက်စီးကုန်တာ” ဟု ကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။