ပေါက်မြို့နယ်၊ ဇီးတောရွာသား ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးတောရွာသား ကိုကျော်လွင်ကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ပြည်သူပိုင် နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်မြို့နယ် တောင်ပိုင်း၊ ဇီးတောကျေးရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ ကိုကျော်လွင်ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဇီးတောရွာတော့ အိမ် ၁၇၀ လောက် မီးရှို့ ခံလိုက်ရတယ်။ စစ်ခွေးတွေက ဇီးတောရွာသား အသက် ၃၂ နှစ်အရွယ် ကိုကျော်လွင်ကို မီးရှို့ သတ်ဖြတ်ခဲ့တယ်။ နေအိမ်ပေါ် တင်ပြီး ပိတ်လှောင်ပြီး မီးရှို့သတ်ဖြတ်သွားတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
ဇီးတောရွာသည် အိမ်ခြေ ၃၁၀ ရှိသော ကျေးရွာ တစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်း မီးရှို့ပြီးချိန်တွင် ကျေးရွာတွင်း၌ နေအိမ် ၂၀ ခန့်သာ ကျန်ရှိတော့ သိရှိရသည်။