FOEIM အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သည့် စာရင်း ပေါက်ကြားသူများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဧပြီ ၂၅
Free Online Education Institution Myanmar – FOEIM အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သည့် စာရင်း ပေါက်ကြားခဲ့သူများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောင်းသားမိဘတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီမှ မတ်လအတွင်း လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ကျောင်းသားမိဘအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ Free Online Education Institution Myanmar – FOEIM ကျောင်းတွင် ၄ တန်းနှင့် ၆ တန်း၌ တက်ရောက်ခဲ့သည့် ကျောင်းသား၂ ဦး၏ မိဘဖြစ်သူမှာလည်း အမည်စာရင်းများ ပေါက်ကြားရာတွင် ပါဝင်ခဲ့သည့်အတွက် အကြမ်းဖက် စစ်တပ်က လိုက်လံ ဖမ်းဆီးနေကြောင်း ပြောဆိုသည်။
“ အမည်စာရင်းပေါက်ကြားတာက ၁၂ နှစ်အရွယ် ၆ တန်းတက်တဲ့ သားလေးပါ။ ကျွန်တော့်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးဖို့ မတ် ၁၁ ရက် စနေနေ့ ညနေ ၃ နာရီနဲ့ ၄ နာရီ အကြား ဖမ်းဆီးဖို့ အိမ်ရောက်လာခဲ့ပါတယ်။ ကံကောင်း ထောက်မစွာနဲ့ ကျွန်တော့် အိမ်မှာ မရှိခဲ့ဘဲ မိသားစုကို စစ်ဆေးမေးမြန်းပြီး လာဖမ်းတဲ့ အကြမ်းဖက် စစ်တပ်က တတိယမြောက် သားလေးကို အဖေ ပြန်လာရင် စခန်းကို ခဏ လာပေးဖို့ ပြောဆိုသွားပါတယ်။ ကျွန်တော့်ကို အိမ်က ဖုန်းနဲ့ ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောလို့ ကျွန်တော်ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ကျောင်းသား မိဘဖြစ်သူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီဝင်များသည် မတ်လ ၁၂ ရက်နေ့တွင်လည်း ဒုတိယအကြိမ် ဖမ်းဆီးရန် လာရောက်ခဲ့ပြီး စခန်းသို့ လာတွေ့ခိုင်းရန်နှင့် လာမတွေ့လျှင် မိသားစုလိုက် ဒုက္ခရောက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီဝင်များက အုပ်ချုပ်ရေးမှူးနှင့်အတူ တာမွေရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင် စစ်ဆေးခဲ့ပြီး ည ၁၀ နာရီမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော့်မိသားစုကိုပါ ခြိမ်းခြောက်နေလို့ မိသားစုပါ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်။ FOEIM ကျောင်းက လုံခြုံအောင် မထိန်းသိမ်းခဲ့လို့ အခုလို ကျောင်းသားမိဘ အမည်စာရင်း ပေါက်ကြားသွားတဲ့အတွက် အင်မတန်မှ စိတ်ပူနေရတယ်။ ကလေးတွေ အချင်းချင်း ပြောကြတာပေါ့နော်။ တို့တွေလည်း လိုက်ဖမ်းလို့ ထွက်ပြေးနေရပြီ၊ သူငယ်ချင်းတို့ မိသားစုရော လုံခြုံရဲ့လား ဘာတို့ စတာတွေ ပြောဆိုနေတာတွေ ကြားရပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ကျောင်းသား မိဘဖြစ်သူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောပြသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် တာမွေ မြို့နယ်မှ ကျောင်းသား မိဘ ၁ ဦးကို တာမွေမြို့မ ရဲစခန်းတွင် ဒုရဲမှူး စန်းဝင်းအောင်မှ တရားလို ပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် မတ်လ ၁၇ ရက်နေ့တွင် အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်း ကျောင်းသား မိဘဖြစ်သူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
Free Online Education Institution Myanmar – FOEIM ကျောင်းမှာမူ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမတို့၏ လုံခြုံရေးအရ ကျောင်းကို ပိတ်သိမ်းကြောင်း မတ်လ ၁ ရက်နေ့ကတည်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။