25 C
Yangon

ပြင်ဦးလွင်တွင် တပ်ပိုင် လက်နက်များ ထုတ်ရောင်းမှုဖြင့် ဒုတိယဗိုလ်မှူးကြီး မောင်မောင်သွင်နှင့် အပေါင်း အပါများကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

Must read

ပြင်ဦးလွင်တွင် တပ်ပိုင် လက်နက်များ ထုတ်ရောင်းမှုဖြင့် ဒုတိယဗိုလ်မှူးကြီး မောင်မောင်သွင်နှင့် အပေါင်း အပါများကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

ရန်ကုန်၊ ဧပြီ ၂၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တပ်ပိုင် လက်နက်များကို ထုတ်ရောင်းမှုဖြင့် ဒုတိယဗိုလ်မှူး‌ကြီး မောင်မောင်သွင်နှင့် အပေါင်းအပါများကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်ဘက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ပြင်ဦးလွင်တပ်နယ်၊ တပ်မတော် သိပ္ပံနှင့်နည်းပညာသုသေသနတပ်(သသန) မှ ဒုတိယဗိုလ်မှူးကြီး မောင်မောင်သွင်နှင့် အပေါင်းအပါများကို စစ်တပ်ပိုင် လက်နက်များကို ပြင်ပသို့ ထုတ်ရောင်းမှုဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ၊ ဒုတိယဗိုလ်မှူးကြီး မောင်မောင်သွင်သည် တပ်မတော် သိပ္ပံနှင့်နည်းပညာသုသေသနတပ်(သသန) တပ်မှူး ဗိုလ်ချုပ်စိုးမြင့်မောင်နှင့်ဇနီးအတွက် ပြင်ဦးလွင် မြေကွက်များ အကွက်ရိုက် ရောင်းချ ပေးနေသူဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်ပိုင် လက်နက်များကို ငွေကြေးရှိပြီး လက်နက်ကိုင်ထားချင်သူ မြေပွဲစားများနှင့် သူဌေးများအတွက် ထုတ်ရောင်းပေးခဲ့ကြောင်း၊ ထိုပြစ်မှုဖြင့် ဒုတိယဗိုလ်မှူးကြီးမောင်မောင်သွင်ကို စစ်ကောင်စီ၏ အထူးတပ်ဖွဲ့များက လာရောက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒုတိယဗိုလ်မှူးကြီး မောင်မောင်သွင်က သသနတပ်မှူး ဗိုလ်ချုပ်စိုးမြင့်မောင်အတွက် မြေပွဲစားလုပ်ပေးတယ်။ မြေနဲ့ ပိုက်ဆံရှာတယ်။ အပတ်စဥ် ၄၆ ကျောင်းဆင်းပါ။ ဧပြီလ ၂၄ ရက်နေ့မှာ လက်နက် ထုတ်ရောင်းမှုနဲ့ သူ့ကို စစ်တပ်ရဲ့ အထူးတပ်ဖွဲ့က မျက်နှာကို အုပ်ပြီး ဖမ်းဆီးသွားတယ်။ သူတို့ကတော့ ဖရဲသီး ခေါင်းစဉ်တပ်တယ်။ တကယ်က ဖရဲသီး မဟုတ်ဘူး။ သူက မြေပွဲစားတွေ သူဌေးတွေ လက်နက်လိုချင်ရင်လည်း ရောင်းပေးတယ်” ဟု စစ်ဘက်သတင်းရင်း မြစ်က ပြောသည်။

လက်ရှိတွင် စစ်တပ်က ဒုတိယဗိုလ်မှူးကြီး မောင်မောင်သွင် လက်နက်များ ထုတ်ရောင်းပေးခဲ့‌သော မြေပွဲစားများ၊ သူဌေးများ အပါအဝင် အပေါင်းအပါများကို လိုက်လံ ဖမ်းဆီးလျက်ရှိပြီး စစ်ကြောနေကြောင်း၊ ပြင်ဦးလွင် သသန တပ်မှူး ဗိုလ်ချုပ်စိုးမြင့်မောင်နှင့်ဇနီးက ကိုယ်လွတ်ရုန်းရန်အတွက် ၎င်းတို့၏ လူယုံ ဒုတိယဗိုလ်မှူးကြီးမောင်မောင်သွင်ကို တပ်ဖရဲသီးဟု အထက်သို့ တင်ပြအစီရင်ခံထားကြောင်း သိရှိရသည်။

“ဒီကိစ္စကတော့ ဒီမှာတင်တော့ ပြီးမယ် မထင်ဘူး။ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို မီးခိုးကြွက်လျှောက်တော့ ဖြစ်ဦးမှာပါ။ တကယ်က တပ်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့တာက စစ်အာဏာသိမ်းချိန်ကတည်းက” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article