မိုးဗြဲတွင် စစ်တပ်ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂၀ နီးပါး သေဆုံးပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဧပြီ ၂၆
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ နီးပါး သေဆုံးပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ မိုးဗြဲမြို့၊ ညောင်၀ိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန် ရေး တပ်ပေါင်းစုများအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုက လက်ဦးမှု ရယူ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ၂၀ နီးပါး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။
“အခုထက်ထိ တိုက်ပွဲ အခြေအနေက မပြီးသေးဘူး။ စစ်ရေးကလည်း တင်းမာနေတယ်။ စစ်တပ်ဘက်က တိုက်လေ ယာဉ်နဲ့ ၂ ကြိမ်တောင် ဗုံးကျဲတိုက်ခိုက်တယ်။ ဗုံးကျဲချတာကလည်း လူနေရပ်ကွက်ဘက်ကို ကျဲချတာ။ သက်ဆိုင်တဲ့ စစ်ရေးသတင်း အသေးစိတ်ကတော့ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ ပြောနိုင်တာက စစ်တပ်ဘက် ၂၀ လောက်တော့ သေတယ်။ ၂ ဦးအရှင်ဖမ်းမိတယ်။ လက်နက်တွေရတယ်။ ဒီလောက်ပဲပြောနိုင်သေးတယ်” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက အရေးပေါ် သတိပေးချက် အဖြစ် မိုးဗြဲမြို့တွင် နံနက် ၆နာရီဝန်းကျင်မှ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားသည့်အတွက် အသွားအလာမပြုလုပ်ကြပါရန် ၊မြို့ထဲမှာ ပိတ်မိနေသော ပြည်သူများ လုံခြုံသော နေရာတွင် ခိုပုန်းနေကြပါရန် ၊ မိုးဗြဲရှိမိဘပြည်သူများ စစ်ရေးသတိရှိကြပါရန်၊ မိုးဗြဲ-ဖယ်ခုံ လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်၊ အရေးပေါ်အကူညီလိုအပ်ပါက ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ရန် အရေးပေါ် ကြေညာချက်များကို ထုတ်ပြန်ထားသည်။
(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/114269 တွင် စစ်ကောင်စီတပ်သားများ သေဆုံးမှု ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)



