ဖားကန့်မြို့နယ်၊ မဇွပ်ယန်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွှေ ၁ ကျပ်သားနှင့် ငွေကျပ် သိန်း ၄၀ ကျော်ကို ခိုးယူလုယက်သွား
ရန်ကုန်၊ ဧပြီ ၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွှေ ၁ ကျပ်သားနှင့် ငွေကျပ် သိန်း ၄၀ ကျော်ကို ခိုးယူလုယက်သွားကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့တွင် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဖားကန့်မြို့နယ် မဇွပ်ယန်ရွာကို အကြမ်းဖက် စစ်တပ် တပ်မ ၃၃ လက်အောက်ခံ ခလရ ၇၆ မှ ဗိုလ်မှူး ဇော်မောင် ဦးဆောင်သည့် အကြမ်းဖက် စစ်သားများက ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များ၊ ဈေးဆိုင် တချို့ကို ဖောက်ထွင်းကာ ရွှေ ၁ ကျပ်သားနှင့် ငွေသား သိန်း ၄၀ ကျော်ကို ခိုးယူ လုယက် သွားကြောင်းသိရသည်။
စစ်တပ် စစ်ကြောင်းသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု အတွင်းရှိ နေ့စဥ် စစ်ကြောင်းထိုး လှုပ်ရှားနေပြီး လုံးခင်း၊ ဆန်ခါ၊ မှော်ပုံ၊ မဇွပ်ယန်၊ မဒဲန်ယန် ကျေးရွာများမှ ပြည်သူ ၁၀ ဦးကျော်ခန့်ကို လိုက်လံ ဖမ်းဆီးချုပ်နှောင်ပြီး စစ်တပ်က စစ်ကြောင်းထိုးရာ နေရာများကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ တွေ့မြင်သူများကို ဖမ်းဆီး ရိုက်နှက်ကြောင်း၊ ပြည်သူ တချို့ကို KIA/PDF ဟု အတင်း စွပ်စွဲကာ နှိပ်စက်ကြောင်း၊ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသူများထဲမှ ပြန်လည် လွတ်မြောက်လာသူများထံမှ သိရကြောင်း၊ ထို့ပြင် လုံးခင်းကျေးရွာ အုပ်စု အတွင်းရှိ ပြည်သူများသည် ကိုယ့်အိမ်တွင် ဆက်မနေရဲတော့ဘဲ ထိတ်လန့် ကြောက်ရွံ့နေကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။