29 C
Yangon

ကရင်နီတိုက်ပွဲတွင် ဗိုလ်ကြီး မင်းခန့်ကျော် အပါအဝင် စစ်သားများ သေဆုံးပြီးနောက် ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန် “စစ်မတိုက်နိုင်တော့” ဟု အမိန့်ဖီဆန်သဖြင့် အဖမ်းခံထားရ

Must read

ကရင်နီတိုက်ပွဲတွင် ဗိုလ်ကြီး မင်းခန့်ကျော် အပါအဝင် စစ်သားများ သေဆုံးပြီးနောက် ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန် “စစ်မတိုက်နိုင်တော့” ဟု အမိန့်ဖီဆန်သဖြင့် အဖမ်းခံထားရ

ရန်ကုန်၊ မေ ၂၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ် စိန်လန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်သည် ကရင်နီတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရင်း စစ်မတိုက်နိုင်တော့ဟု အမိန့်ဖီဆန်သဖြင့် အဖမ်းခံထားရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် ခလရ ၁ တပ်မှ ဗိုလ်ကြီးမင်းခန့်ကျော် အပါအဝင် စစ်သား ၅ ဦးသည် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်၏ မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန်၏ အနီးသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း၊ ဒုတိယဗိုလ်မှူး‌ကြီးသူရိန်က စစ်မတိုက်လိုတော့ဟုဆိုကာ ထွက်ပြေးသွားခဲ့ကြောင်း၊ မေလ ၂၈ ရက်နေ့တွင် တပ်ရင်းမှူးကို စစ်ကောင်စီတပ်က ပြနလည် ဖမ်းဆီး‌ပြီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

” မနေ့က ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ကို ရှေ့တန်းမှာထွက်ပြေးလို့ စစ်တပ်ကပြန်ဖမ်းလိုက်တယ်။

မေလ ၂၁ ရက်နေ့က ကယား ဒီမောဆိုတိုက်ပွဲမှာ ခလရ၁တပ်က ဗိုလ်ကြီးမင်းခန့်ကျော်အပါအဝင် ၅ဦးသေတာကို ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန်က သူ့ရှေ့တင်တွေ့ရလို့ကြောက်သွားတယ်။ အဲဒီနေ့တင်ပဲ တပ်ရင်းမှူး သူရိန်ဘေးကို RPGလာကျတာ။ လက်နက်ကြီးကမကွဲလို့သူမသေဘဲကံကောင်းသွားတယ်။ အဲဒီဖြစ်စဉ်တွေဖြစ်ပြီး တိုက်ပွဲက ပိုကြမ်းပြီး သူ့တပ်ကို ရှေ့ကိုတက်ဖို့ဖိအားပေးခံရတယ်။ အဲဒီမှာသူကသေမှာကြောက်ပြီး အသေတော့မခံနိုင်ဘူး ထွက်ပြေးဖို့ပဲချောင်းနေတော့တာ။ မနေ့က ထွက်ပြေးဖို့လုပ်တာကို တပ်မမှူးတွေ သိသွားပြီး ရှေ့တန်းတပ်မစခန်းမှာ ပြန်ဖမ်းခံရတာ။ သူကထောင်ပဲအကျခံမယ် တိုက်ပွဲတော့မတိုက်နိုင်ဘူးငြင်းနေတယ်လို့ တပ်ထဲကို အကြောင်းကြားလာပါတယ်။ သူ့ကိုရာထူးချထားပြီး လက်ရှိတော့ဖမ်းထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

ဒုတိယဗိုလ်မှူးကြီး သူရိန် ခလရ ၁ တပ်ရင်းမှူး တာဝန်မယူခင်က တပ်ရင်းမှူးဟောင်း ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျမှာလည်း ကရင်နီတိုက်ပွဲတွင်ပင် လက်နက်ကြီးထိမှန်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် သေဆုံးသွားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ၏ နေရာကို ဒုတိယဗိုလ်မှူးကြီး သူရိန်က အစားထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရာထူးတိုးပြီးနောက် ရှေ့တန်း ထွက်နေရပြီး ၁ နှစ်ခွဲကျော်လာသည်အထိ ဒုတိယဗိုလ်မှူးကြီး သူရိန် အိမ်ပြန်ခွင့်မရကြောင်း သိရှိရသည်။

ဒုတိယဗိုလ်မှူးကြီး သူရိန်တွင် ဇနီးနှင့်သားသမီး ၂ ဦးရှိပြီး လက်ရှိတွင် မိသားစုပါ တပ်ထဲတွင် အထိန်းသိမ်းခံထားရကြောင်း၊ ခလရ ၁ တွင် ကရင်နီတိုက်ပွဲတွင်း သေဆုံးသူ စစ်သား ၅၀ ကျော်ရှိပြီး တပ်ပြေးသူ ၁၀ ဦးကျော်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article