38 C
Yangon

ချောင်းဦးမြို့နယ်တွင် PDF ရဲဘော် ၅ ဦး၊ ပြည်သူ ၃ ဦးကို စုစုပေါင်း လူ ၈ ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်

Must read

ချောင်းဦးမြို့နယ်တွင် PDF ရဲဘော် ၅ ဦး၊ ပြည်သူ ၃ ဦးကို စုစုပေါင်း လူ ၈ ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် PDF ရဲဘော် ၅ ဦး၊ ပြည်သူ ၃ ဦး အပါအဝင် လူ ၈ ဦးကို စစ်တပ်က ပစ်ခတ် ခေါင်းဖြတ် သတ်ဖြတ်သွားကြောင်း ချောင်းဦးဆရာတော်၏ မိန့်ဆိုချက်အရ သိရှိရသည်။

မေလ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြိုနယ်၊ ကျီကုန်းကျေးရွာ၌ စစ်ကြောင်းထိုး၀င်ရောက်လာသော စစ်တပ်က ကျီကုန်းကျေးရွာမှ အနောက်တောင်သို့ ဆက်လက်ထွက်ခွာရာ ကျီကုန်းရွာအစပ်ရှိ မြိုနယ် ပကဖ ကင်းတပ်စိတ်များနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းက CHUPDF ၏ လေ့ကျင့်ရေးနှင့်စည်းကမ်းထိန်းသိမ်းရေး နောက်တန်းစခန်းခွဲတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် PDF ရဲဘော် ၃ ဦးကို စစ်တပ်က ဖမ်းဆီးရမိပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ အနီးအနားရှိ တောရဘုန်းကြီးကျောင်းမှ ဝေယျာဝေစ္စလုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူ ၂ ဦးလည်း စစ်တပ်က ဖမ်းဆီး ဦးခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ကျီကုန်းက ဦးဇင်းဇာတိရွာ အဲဒီရွာကို တစ်နေကုန် မွှေပြီး ညပိုင်းအထွက်မှာ ရွာအပြင်မှာ ထိတွေ့မှုဖြစ်ကြတယ်။

အဲဒီမှာ PDF ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းမိတယ်။ အရှင်ဖမ်းမိတာကို ခေါင်းဖြတ်သတ်တယ်။ ရက်ရက်စက်စက်ကို သတ်ဖြတ်တာပါ ” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

စစ်တပ်က ကျီကုန်းရွာမှ ပြန်လည်ထွက်ခွာစဉ် လမ်းခရီးတွင် တွေ့ရှိသော အသက် ၆၅ နှစ် စစ်ဘေးရှောင် အမျိူးသမီးကိုလည်း စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါ အမျိုးသမီး သေဆုံးခဲ့ကြောင်း၊ အခြား ဒေသကာကွယ်ရေး တပ်ဖွဲ့မှ PDF ရဲဘော် ၂ ဦးလည်း စစ်တပ် စစ်ကြောင်းနှင့် တည့်တည့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ ကြောင်း သိရှိရသည်။

“အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကလည်း စစ်ဘေးရှောင်ဖို့ ဆိုင်ကယ်စီးပြီး ထွက်ပြေးနေတာ။ အဲဒါကို စစ်တပ်က တွေ့တော့ လှမ်းပစ်တာ ပွဲချင်းပြီးဆုံးတယ်။ လမ်းမှာ အခြားကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦးလည်း အဖမ်းခံရပြီး အသတ်ခံရတယ်။ တစ်ရက်တည်း လူပေါင်း ၈ ဦးကို မနေ့ညက စစ်တပ်က သတ်ဖြတ်တယ်။ စခန်းကို လည်းမီးရှိူ့သွားတာ။ ဆိုင်ကယ် ၇စီး၊ ဆိုက်တွဲ၁စီးနဲ့အခြားပစ္စည်းတွေ ပါသွားတယ်။ တောရဘုန်းကြီးကျောင်းကိုလည်း အကုန်မွှေသွားတာ။ ဖမ်းဆီးမိရသူတွေကို တောရကျောင်းထဲတင် ခေါင်းဖြတ်သွားတာ” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

အကြမ်းဖက်စစ်ကောင်စီက ချောင်းဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မြို့နယ်များကို စစ်ကြောင်းများ အင်အား အပြည့်ဖြင့် လှည့်လည် စစ်ကြောင်းထိုး၊ ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ ဆက်တိုက် ဆိုသလို ကျူးလွန်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ဓာတ်ပုံ- စစ်တပ်က PDF များနှင့် ပြည်သူများကို ခေါင်းဖြတ် သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article