34 C
Yangon

တစ်နိုင်ငံလုံး မီးမလင်းသလို တရားမဝင် စစ်ကောင်စီလည်း ကူကယ်ရာမဲ့ အမှောင်ကမ္ဘာထဲရောက်နေ

Must read

တစ်နိုင်ငံလုံး မီးမလင်းသလို တရားမဝင် စစ်ကောင်စီလည်း ကူကယ်ရာမဲ့ အမှောင်ကမ္ဘာထဲရောက်နေ

By လမ်းသစ်

အကြမ်းဖက် မင်းအောင်လှိုင် အတင်းအဓမ္မ မောင်ပိုင်စီးထားတဲ့ မြန်မာနိုင်ငံဟာ စိတ္တဇရောဂါသည် နေထိုင်တဲ့ အခန်းတစ်ခုလိုပဲ ဘာမှအစီအစဉ်တကျ မရှိဘဲ ရှုပ်ပွနေပါတယ်။

သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒုက္ခသည်တွေရှိသလို အာဏာရှင်ကို တော်လှန်ဖို့ အနာဂတ်တွေပေးဆပ်ပြီး တောထဲမှာ လက်နက်ကိုင်နေကြရတဲ့ လူငယ်တွေရှိနေကြပါတယ်။

မြို့ပေါ်မှာ ကျန်ရစ်သူတွေဟာလည်း ကန့်သတ်ချုပ်ချယ်မှု ပေါင်းစုံနဲ့အတူ စစ်အုပ်စုကပေးတဲ့ ဝေဒနာတွေကို နေ့စဉ်နဲ့အမျှ ခံစားနေကြရပါတယ်။

ရာသီဥတုက ပူလောင်ရတဲ့အထဲ လျှပ်စစ်မီး မှန်မှန်မရရှိတာကြောင့် နေ့စဉ်ဘဝတွေကို အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းနေကြရတာပါ။

လျှပ်စစ်မီး ဘယ်အချိန်လာမယ်မသိ၊ ရေဘယ်အချိန်ရမယ်မသိ၊ မေးခွန်းများစွာ မရေရာမှုများစွာနဲ့ အသက်ဆက်နေကြရပါတယ်။

အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ မြန်မာပြည်သူတွေဟာ စစ်တပ်ဆီ ဝင်ငွေစီးဆင်းမှုတွေကို မလိုလားတာကြောင့် မီတာခတွေ မဆောင်ဘဲ နေခဲ့ကြလို့ မီးလိုင်းတွေ ဖြတ်ပြီး ပညာပြခဲ့ပါတယ်။ လက်ရှိမှာ မီတာခတွေ ပြန်ဆောင်နေပေမယ့် မီးကတော့ ပျက်မြဲအတိုင်း ပျက်နေဆဲပါ။

လျှပ်စစ်မီး ပြည့်ပြည့်ဝဝ ပေးနိုင်ဖို့အတွက် အကြမ်းဖက် မင်းအောင်လှိုင်တို့ အုပ်စုကို အားဖြည့်ပေးနိုင်မယ့် အဖွဲ့အစည်းတွေကလည်း တဖွဲဖွဲ စွန့်ခွာသွားကြပါတယ်။ စွန့်ခွာရတဲ့အကြောင်းအရင်းကတော့ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ပြည်သူကလက်မခံတဲ့ တရားမဝင် အာဏာရှင် ဖြစ်နေလို့ပါပဲ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်စီမံကိန်းတချို့ ရပ်တန့်သွားပြီး လျှပ်စစ်ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ဂျပန်အစိုးရက ကူညီမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ ကမ္ဘာ့ဘဏ်တို့ကလည်း ချေးငွေတွေ ထုတ်မပေးတော့ပါဘူး။

မြန်မာ့ရေအားလျှပ်စစ်မှု နှစ်ပေါင်းများစွာ အကြံပေးအဖြစ်လုပ်ကိုင်ခဲ့တဲ့ ဆွီဒင်အခြေစိုက် AFRY အင်ဂျင်နီယာ ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လုပ်ငန်းတွေရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ပေါ်မှာ မဂ္ဂါဝပ် ၆၇ဝ ကျော် ထုတ်လုပ်မယ့် အကြီးစားရေအားလျှပ်စစ် စီမံကိန်းကို ပြင်သစ်ကုမ္ပဏီနဲ့အတူ ဂျပန်က မာရူဘီနီ၊ မြန်မာက ဧရာဟင်္သာတကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်ထားတာ ရှိခဲ့ဖူးပါတယ်။

ဒီလို ဒေါ်လာ ၁ဘီလီယံခွဲတန် ရွှေလီ (၁) ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ပြင်သစ်အစိုးရပိုင် Électricité de France(EDF) က ၂ဝ၂၁ ခုနှစ် မတ်လမှာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံဟာ အာရှမှာ အန္တရာယ်များမှု အဆင့် ၉ နိုင်ငံဖြစ်နေပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် အန္တရာယ်အများဆုံး နံပါတ်တစ် နိုင်ငံဖြစ်တာကြောင့် အနောက်နိုင်ငံတချို့ဆိုရင် သူတို့နိုင်ငံသားတွေကို မြန်မာပြည်ကို ခရီးမသွားဖို့ တားမြစ်ထားတဲ့အထိ အခြေအနေဆိုးနေတာပါ။

စစ်အာဏာရှင်တွေ ဂုတ်သွေးစုပ်ပြီး မသေချာမရေရာမှုတွေ ပြည့်နေတဲ့ ဒီလိုနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားကြတာဟာ ဖြစ်သင့်တဲ့အချိန် ဖြစ်ထိုက်တာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။

NLD အရပ်သားအစိုးရလက်ထက်မှာ ရန်ကုန်မြို့ကို အဓိက ဓာတ်အားပေးတဲ့ ဟောင်ကောင်အခြေစိုက် V Power ကုမ္ပဏီရဲ့ LNG သင်္ဘောလည်း မကြာသေးခင်က ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။ ဒါဟာ ရန်ကုန်မြို့မှာ လျှပ်စစ်မီး သိသိသာသာ ပြတ်တောက်လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

အပူဒဏ် ပြင်းထန်လွန်းတဲ့ မန္တလေးမြို့မှာဆိုရင် တစ်ရက်ကို ၃ နာရီလောက်သာ လျှပ်စစ်မီးရတဲ့အထိ မီးပေးချိန် နည်းပါးခဲ့ပြီး မီးပျက်လို့ ရေမရတာအပြင် မီးကြိုးအခိုးခံရတာတွေ၊ ထရန်စဖော်မာ ပေါက်လို့ ရပ်ကွက်က ကိုယ်ထူကိုယ်ထ စိုက်ထုတ်လုပ်ဆောင်ရတာတွေကြောင့် ဒေသခံတွေမှာ ကုန်ကျစရိတ်ပါ မြင့်တက်ခဲ့ရပါတယ်။

စစ်အာဏာရှင်တွေ ရုံးထိုင်တဲ့ နေပြည်တော်မှာတောင် တပ်အသိုင်းအဝိုင်း၊ ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေပဲ မီးရတယ်လို့ ကြားမိပါတယ်။ လျှပ်စစ်ဝန်ထမ်းတွေကို လာဘ်ထိုးပြီး မီးလိုင်းချိတ်ဆက်ပေးတဲ့ ဈေးကွက်လည်း ရှိနေတယ်လို့လည်း ပြောနေကြပါတယ်။

စစ်ကောင်စီဟာ ဆွေမျိုးပေါက်ဖော် တရုတ်ကုမ္ပဏီတွေနဲ့ လေအားလျှပ်စစ်စီမံကိန်း ၃ ခုအတွက် လက်မှတ်ရေးထိုးကြောင်း မတ်လ ၂ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီ လေအားလျှပ်စစ်စီမံကိန်း ၃ ခုကို ရခိုင်ပြည်နယ် အမ်း၊ ဂွနဲ့ သံတွဲတို့မှာ လုပ်ဆောင်မှာဖြစ်ပြီး ၂ဝ၂၅ခုနှစ်မှာ လျှပ်စစ်ဓာတ်အားထုတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

လျှပ်စစ်မဂ္ဂါဝပ် ၁၅ဝ၊ ၁ဝဝ နဲ့ ၁၁ဝ ထွက်မယ့် လေအားလျှပ်စစ်စီမံကိန်း တွေလုပ်ကိုင်မယ့် ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံက Primus ၊ ဟောင်ကောင်အခြေစိုက် AED နဲ့ တရုတ်ကုမ္ပဏီ YMEC တို့ပဲ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ NEA ဟာ မြန်မာပြည်က ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းထားတာကြောင့် ဒါတွေဟာ နိုင်ငံရေးအရ ဟန်ပြစီမံကိန်းတွေပဲ ဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးဟောင်း တစ်ယောက်က မှတ်ချက်ပေးထားပါတယ်။

တစ်ချိန်က အရှေ့တောင်အာရှမှာ စံနမူနာ ယူစရာတွေရှိတဲ့အထိ အောင်မြင်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ အခုတော့ လျှပ်စစ်မီးကိုတောင် အလှည့်ကျ ခွဲတမ်းနဲ့ ချွေတာသုံးရတဲ့ ဘဝကို ရောက်နေပါတယ်။ ပြည်သူတွေဟာ အပူဒဏ်ကို ယပ်တောင်ခတ်ပြီး အံတုနေကြရပေမယ့် အသံထွက်ရင်လည်း အဖမ်းခံရဦးမှာမို့ ချွေးတလုံးလုံးနဲ့ ငြိမ်ကုတ်နေကြရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက လျှပ်စစ်ဝန်ကြီးနဲ့ မင်းအောင်လှိုင်ကို အင်္ကျီကျွတ် လိုင်းပေါ်တက်ဆဲတာကြောင့် ဖမ်းခံရတာလည်း ရှိပါသေးတယ်။ သူကတော့ အဆိုတော် ဗျူဟာပါ။

“လျှပ်စစ်ဝန်ကြီး စောက်ပေါ။ အဘွားကြီးလက်ထက်မှာတောင် ၅နှစ်က ငါတို့တွေ လျှပ်စစ်မီး မပျက်တဲ့အပြင် မီတာခတောင် ငါတို့ကို လျှော့ပေးသေးတယ်။ မင်းတို့ အဲ့အဘွားကြီးရဲ့ ထဘီကိုပဲ ခေါင်းပေါ် စွပ်ထားလိုက်ဦးအခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတယ် ဆိုတဲ့ကောင်ကလည်း ဂျိုကျိုးနားရွက်ပဲ့ပဲ”

“စောက်အရည်အချင်းမရှိတာ။ ငါ့လိုစောက်ရူးကို ရှင်ဘုရင်လုပ်ပါဆိုပြီး အုပ်ချုပ်ခိုင်းရင်တောင် ဒီတိုင်းပြည် မီးလင်းနေရမယ်ကွာ။ ကတိပေးတယ်။ မင်းတို့က ဒါလေးတောင် စောက်ဖြစ်ရှိအောင် မလုပ်ပေးနိုင်ဘူး။ အခု မီးပျက်လို့ ဆဲတယ်ကွာ။ လာဖမ်းမလား လာဖမ်း။” လို့ သူက ရင်ဖွင့်ခဲ့တာပါ။

အဆိုတော် ဗျူဟာကို သူသီဆိုထားတဲ့ “ကြားကာလ” “လမ်းမပေါ်ကခွေး” သီချင်းတွေကြောင့် စစ်ကောင်စီက ရန်လိုနေဟန်လည်း ရှိပါတယ်။ “ခွေးကခွေး.. ခွေးကျင့်ခွေးကြံ.. ခွေးအလုပ်လုပ်တုန်းဟေ့” ဆိုတဲ့ သူ့ရဲ့ သီချင်းစာသားအတိုင်း သူ အဖမ်းခံလိုက်ရပါပြီ။

အာဏာရှင် စစ်ကောင်စီဟာ လျှပ်စစ်ရထား၊ လျှပ်စစ်ကားပြေးဆွဲဖို့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေပေမယ့် လူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးကိုတောင် အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်း မရှိလှပါဘူး။

အာဏာရှင် မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ သူတို့ကိုယ်တိုင် မလုပ်နိုင်သလို လုပ်နိုင်မယ့်သူတွေကိုလည်း အာဏာမပေး၊ ဝေဖန်လာသူတွေကိုလည်း ရက်ရက်စက်စက် နှိမ်နင်းမယ်ဆိုတဲ့ တရားမဝင် အကြမ်းဖက်အဖွဲ့မျှသာ ဖြစ်နေပါတော့တယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article