38 C
Yangon

ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ရဲဘော် ကိုသန့်ဇင်ဝင်းကို စစ်တပ်က ထောင်ပြင် ခေါ်ထုတ် သတ်ဖြတ်၊ နိုင်ငံရေး အကျဥ်းသား ၃ ဦးလည်း ပျောက်ဆုံးနေ

Must read

ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ရဲဘော် ကိုသန့်ဇင်ဝင်းကို စစ်တပ်က ထောင်ပြင် ခေါ်ထုတ် သတ်ဖြတ်၊ နိုင်ငံရေး အကျဥ်းသား ၃ ဦးလည်း ပျောက်ဆုံးနေ

ရန်ကုန်၊ မေ ၂၈

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဥ်းထောင်မှ အကျဉ်းကျခံနေရသော ပဲခူးမြို့နယ် ပကဖ ရဲဘော် ကိုသန့်ဇင်ဝင်းကို အကြမ်းဖက် စစ်တပ်က ထောင်ပြင်ခေါ်ထုတ်သတ်ဖြတ်ခဲ့ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မေလ ၂၅ ရက်နေ့တွင် ကိုသန့်ဇင်ဝင်းနှင့် အခြားနိုင်ငံရေးအကျဉ်းသား ၃ ဦးကို ကျိုက်ဇကော အကျဥ်းထောင် အတွင်းမှ ခေါ်ထုတ်သွားပြီး ၂၆ ရက်နေ့တွင် ကိုသန့်ဇင်ဝင်း သေဆုံးသည်ဟု ခိုင်မာသည့် သတင်းအရင်းအမြစ်မှ သိရှိရကြောင်း၊ ကိုသန့်ဇင်ဝင်း သေဆုံးခြင်းကို အကြမ်းဖက် စစ်တပ်က မိသားစုထံ တစ်စုံတစ်ရာအကြောင်းကြားခြင်း မရှိသကဲ့သို့ ထောင်အာဏာပိုင်များထံ စုံစမ်း မေးမြန်းရာတွင်လည်း ကိုသန့်ဇင်ဝင်း သေဆုံးခြင်းရှိ၊ မရှိကို တိကျသည့် အဖြေမပေးဘဲ ငြင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုသန့်ဇင်ဝင်းနှင့်အတူ ထောင်တွင်းမှ ခေါ်ထုတ်သွားခြင်းခံရသည့် နိုင်ငံရေး အကျဉ်းသား ၃ ဦးမှာလည်း သတင်း အစအန ပျောက်နေပြီး ယနေ့ မေလ ၂၇ ရက်နေ့တွင်လည်း အခြားနိုင်ငံရေး အကျဉ်းသားအချို့ကိုပါ ထပ်မံခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ကိုသန့်ဇင်ဝင်း သေဆုံးတာကို အတည်ပြုနိုင်တယ်။ အလောင်းပြန်မရဘူး။ မိသားစုက မေးတာကိုလည်း ထောင်ဘက်က တိတိကျကျ မဖြေဘူး” ဟု ပဲခူးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ကိုသန့်ဇင်ဝင်းသည် ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ လေ့ကျင့်စုဆောင်း ရေးတာဝန်ခံဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကို ခုခံတော်လှန်သည့် ကိစ္စရပ်များ ဆောင်ရွက်ရင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ ပဲခူးမြို့နယ် ပကဖမှ အခြားတာဝန်ခံများ၊ အဖွဲ့ဝင်များနှင့် အတူ မတရား ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းသိရသည်။

စစ်တပ်က ကိုသန့်ဇင်ဝင်းကို ပုဒ်မ ၅၄၊ ၅၀၅၊ ၅၁၊ ၅၂ အပါအဝင် အခြားသော ပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၈၀ ကျော် ချမှတ်ထားပြီး ကျန်ရှိနေသည့် အမှုများကိုလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်းသိရှိရသည်။

ပဲခူးခရိုင် အတွင်းရှိ ကျိုက်ဇကောအကျဉ်းထောင်အတွင်းတွင် ထောင်တွင်း အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ထောင်တွင်း သတ်ဖြတ်မှုများကြောင့် နိုင်ငံရေးအကျဥ်းသားများ အနေဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့နေရကြောင်း၊ နိုင်ငံရေး အကျဉ်သားများကို ယခုကဲ့သို့ ထောင်တွင်းအကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေသူများအား အပြစ်ပေး အရေးယူနိုင်ရန် အတွက် ပြည်သူလူထုအနေဖြင့် ပဲခူးခရိုင်၊ ကျိုက်ဇကောထောင်အတွင်းရှိ ထောင်တွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အချက် အလက်များနှင့် ပါဝင် ကျူးလွန်သူများ၏ အချက်အလက်များကို ပဲခူးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံသို့ ပေးပို့ကြပါရန် ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article