36 C
Yangon

နာဂစ်အလွန် မိုခါ အလှည့်မှာလည်း ပြည်သူကိုသာ ချနင်းပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ အကြမ်းဖက် စစ်ကောင်စီ

Must read

နာဂစ်အလွန် မိုခါ အလှည့်မှာလည်း ပြည်သူကိုသာ ချနင်းပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ အကြမ်းဖက် စစ်ကောင်စီ

By လမ်းသစ်

တိုင်းပြည်တစ်ခု ဒုက္ခရောက်နေချိန်မှာ တိုင်းပြည်အာဏာကို လက်ကိုင်ထားသူတွေအနေနဲ့ ပြည်သူအပေါ် ဘယ်လောက်စေတနာရှိသလဲ၊ ပြည်သူကို ဘယ်လောက်အထိ ကိုယ်စားပြုသလဲဆိုတာ အထင်းသား မြင်တွေ့နေရပါတယ်။

မေလ ၁၄ရက်နေ့တုန်းက ရခိုင်ပြည်နယ်ကို တစ်နာရီ မိုင် ၁၃ဝ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါ မုန်တိုင်းဟာ ချင်းတောင်တန်းတွေအထိ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့က ဒေသခံတွေ အထိနာခဲ့ရပါတယ်။

မုန်တိုင်း အဓိက ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာဆိုရင် အိုးအိမ်ပျက်စီးသူတွေအတွက် ယာယီနေရာထိုင်ခင်းတွေ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတဲ့အပြင် သောက်သုံးရေသန့် အနည်းငယ်ရဖို့ကိုပင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတဲ့အထိ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ မိုခါ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံစားရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ လူဦးရေဟာ တစ်သိန်းခွဲနီးပါးရှိတယ်လို့ ကုလသမဂ္ဂ စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ UNOCHA က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီလူတွေကို ဝင်ရောက်ကူညီခွင့် အပြည့်အဝရဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ ကူညီထောက်ပံ့ရေးတွေဟာ အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေကြရပါတယ်။

အာဏာရှင် စစ်ကောင်စီဟာ သူတို့က တိုင်းပြည်ရဲ့ အခရာ ဖြစ်တယ်ဆိုတာကို ပြချင်နေတာလား၊ ဒီအခြေအနေတွေကို သူတို့ဘာသာသူတို့ ထိန်းချုပ်စီမံနိုင်တယ်ဆိုတဲ့ ပုံရိပ်ကို ပြချင်နေတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့တဲ့ မြို့နယ် ၁၈ခု ပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်ထိရှိတဲ့ စစ်ဗိုလ်ချုပ် အယောက် ၂ဝ ကို စစ်ကောင်စီက တာဝန်ပေးထားပြီး သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် စစ်တပ်လုပ်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ထုတ်ပြန်နေပါတယ်။

စစ်ကောင်စီရဲ့ ပုံရိပ်ကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူကိုဖိနှိပ်ဖို့နဲ့ အာဏာတည်မြဲဖို့ လုပ်ဆောင်တဲ့နေရာမှာသာ ပိုက်ဆံအများအပြားသုံးပေမယ့် ပြည်သူကို ကူညီရမယ့်နေရာမှာတော့ လက်တွန့်ကြသူတွေပါ။

လူသတ်လက်နက်ဝယ်ဖို့ ဒေါ်လာဘီလီယံနဲ့ချီ အသုံးပြုပေမယ့် ကူညီကယ်ဆယ်ရေးအတွက်ကျတော့ ပြည်သူတွေဆီက ပြန်ပြီး အလှူခံနေကြတာမျိုးပါ။

စစ်တွေမြို့အနီးက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း သောက်ရေသန့်မရှိလို့ ရေငန်သောက်သုံးနေရတာတွေ၊ မုန်တိုင်းကြောင့်လဲကျတဲ့ အုန်းပင်က အုန်းသီးတွေကို စားသောက်ပြီး ဖြစ်သလို အသက်ဆက်နေရတာတွေ ရှိနေပါတယ်။

မုန်တိုင်းဖြစ်ပြီး တစ်ပတ်နီးပါးကြာသည့်တိုင်အောင် အကူအညီတွေ ဝင်ရောက်မလာနိုင်သေးတာကြောင့် အချိန်မီ မကယ်တင်နိုင်ရင် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

အင်အားပြင်း မိုခါ ဆိုင်ကလုန်းကြောင့် စစ်တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သေဆုံးသူ ၁ဝဝ ကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး မုန်တိုင်းမလာခင် သူတို့ပြောင်းရွှေ့ပေးပါလျက်နဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေခဲ့တာကြောင့် သေဆုံးကြတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ အယောက် ၄ဝဝ ကျော်ရှိတယ်လို့ ပြောဆိုသူတွေကိုလည်း မမှန်သတင်း ပြောဆိုမှုနဲ့ အရေးယူမယ်လို့ အာဏာရှင်က ကြေညာထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာအဖွဲ့(HRW) နဲ့ အာရှဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေယူခဲ့တဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်မက်သီဆန်က စစ်ကောင်စီအနေနဲ့ သဘာဝဘေးကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရင်းအနှီးတွေရလာဖို့ ဦးတည်လုပ်နေတာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီနဲ့တင်မက အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ရခိုင့်တပ်မတော် (AA) တို့ နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာအနေနဲ့ အခုမုန်တိုင်းကိစ္စသာမက ရေရှည်အတွက်ပါ စာနာမှုဆိုင်ရာကိစ္စတွေ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အကူအညီပေးရေးအတွက် ညှိနှိုင်းနေတယ်ဆိုတာမျိုးဟာ စစ်ကောင်စီရဲ့ မျက်နှာကိုပဲကြည့်ပြီး လုပ်နေရတယ်ဆိုတဲ့ အဖြစ်မျိုးထက် ကျော်လွန်ဖို့ လိုပါတယ်။ စစ်ကောင်စီသာ ဆက်သွယ်ဆောင်ရွက်ဖို့ရာ ညှိနှိုင်းဖို့ရာ တစ်ခုတည်းသော ဇာတ်ကောင်အဖြစ် မြင်နေတာမျိုးက မှားပါတယ်။

တရားမဝင် အာဏာရယူထားတဲ့၊ လူတွေကို မတရားဖိနှိပ်တဲ့အဖွဲ့အစည်းကို အဓိက ဇာတ်ကောင်မှတ်နေသရွေ့တော့ လုပ်ဆောင်ချက်တွေဟာ ဘယ်တော့မှ ထိရောက်အောင်မြင်မှာ မဟုတ်ပါဘူး။” လို့ ဒေးဗစ်မက်သီဆန်က ပြောဆိုခဲ့တာပါ။

ချင်းပြည်နယ်မှာဆိုရင်လည်း စစ်ရေးအသာစီးရဖို့ မြန်မာစစ်တပ်က အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်၊ လမ်းတွေ ပိတ်ဆို့ထားတာပါ။ ချင်းပြည်နယ် မတူပီမြို့အနီး ကျေးရွာတွေက ဒေသခံတွေဟာ မိုခါမုန်တိုင်းမလာခင် မြို့အတွင်းဝင်ရောက်ခိုလှုံခွင့် တောင်းဆိုခဲ့ကြပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။

မုန်တိုင်းအလွန်ကာလမှာ စစ်ကောင်စီက မတူပီကို လာရောက်ပြီး ထောက်ပံ့ပစ္စည်းပေးအပ်ပွဲလုပ်ပေမယ့် ကျေးရွာတွေကို ကွင်းဆင်းလေ့လာမှု မလုပ်ခဲ့သလို ထောက်ပံ့ပစ္စည်းတွေကိုလည်း ဟန်ပြဓာတ်ပုံရိုက်ပြီး တကယ်မပေးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်တဲ့ အဲန်သီယာဝက်ဘ်က မုန်တိုင်းကြောင့် နေရာရွှေ့ပေးထားရသူတွေ ခိုလှုံနေကြတဲ့ ရခိုင်နဲ့ မကွေးက နေရာတချို့မှာ ရိက္ခာဝေတာတွေ စတင်လုပ်ထားတယ်လို့ ဆိုပါတယ်။ ရခိုင်၊ မကွေးနဲ့ ချင်းက နေရာတွေမှာ လူ ၈သောင်းဝန်းကျင်ကို အနည်းဆုံး နောက် ၃လအထိ ထောက်ပံ့နိုင်ဖို့ရာ ကနဦးရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။

မိုခါမုန်တိုင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားကယ်ဆယ်ရေးပစ္စည်းများ ကူညီနိုင်ဖို့အတွက် ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ရာချီလိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောဆိုထားပြီး၊ အမေရိကန်ပြည်ထောင်စုကတော့ ဆိုင်ကလုန်းမိုခါကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို တုန့်ပြန်ဖို့ လူသားချင်စာနာမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာ ၁၇ သန်းခန့် ကူညီမယ်လို့ ယမန်နေ့ကပဲ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မုန်တိုင်းဒဏ်ခံစားရတဲ့ မြန်မာပြည်သူတွေကို ကူညီချင်သည့်တိုင် ခေတ်အဆက်ဆက် အတွေ့အကြုံများအရ အာဏာရှင်စစ်တပ်က ပြည်သူတွေအပေါ် အမှန်တကယ် စေတနာရှိသလားဆိုတာဟာ သူတို့အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကြာကာလအတွင်း အပြုအမူတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

အာဏာလုယူထားပြီး လိပ်ပြာမလုံတဲ့ စစ်ကောင်စီဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် အယုံအကြည်မရှိဘူး ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး။

ယခင်အတွေ့အကြုံများအရလည်း ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဝင်ရောက်ချိန်မှာ သန်းရွှေ စစ်တပ်ဟာ နိုင်ငံတကာ အကူအညီတွေကို ပြန်လွှတ်တာတွေ၊ ကူညီထောက်ပံ့ရေးပစ္စည်း ခိုးယူတာတွေလုပ်ခဲ့ပြီး နောက်ဆုံးမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ၂ဝဝ၈ နာဂစ်အခြေခံဥပဒေကို မတရား ပြဌာန်းခဲ့တာ မဟုတ်ပါလား။

“ဦးသန်းရွှေစစ်တပ်က ဘယ်လောက်ရုပ်ပျက်လဲဆိုရင် ကမ္ဘာကလှူတဲ့ ရေဘေးကယ်ဆယ်ရေးပစ္စည်းတွေကို ဒုတိယဗိုလ်ချုပ်ကြီး ဘယ်သူက လှူဒါန်းပါတယ်။ ဗိုလ်ချုပ်ဘယ်သူက လှူဒါန်းပါတယ်ဆိုတဲ့ စတစ်ကာစာတန်းတွေကို လေယာဉ်ပေါ် တက်ကပ်တာ။ US ပိုင်းလော့က စစ်တပ်ကကောင်တွေကို လေယာဉ်ပေါ်ကနေ မောင်းချရတယ်။ စစ်ယူနီဖောင်းအစိမ်းဆိုရင် လေယာဉ်ပေါ်ကို အတက်မခံတော့ဘူး။” လို့ လေတပ် CDM တပ်ကြပ်ကြီး နေဝင်းအောင်က နာဂစ်အတွေ့အကြုံ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

ပြန်ချုပ်ကြည့်ရင် အာဏာရှင်ဆီက ပြည်သူတွေ ရနိုင်တာဟာ ဒုက္ခတွေသာရှိပြီး အာဏာရှင်တွေဆီမှာ ပြည်သူတွေအတွက် စေတနာအစစ်အမှန်ဆိုတာလည်း လုံးဝမရှိနိုင်ပါ။

ပူးပေါင်းဆောင်ရွက်သင့်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီ မပါပဲ လူတွေကို မတရားဖိနှိပ်နေတဲ့ မြန်မာစစ်တပ်လို တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဆီကနေ စေတနာမှန်တဲ့ လူသားချင်းစာနာမှုတွေ ရနိုင်မလားဆိုရင် “အန်ကယ်ကတော့ နိုးပါ” လို့ပဲ ဖြေပါရစေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article