32.1 C
Yangon

ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီအတွက် ဒေါ်လာ ၁ ဘီလီယံ တန် ဖိုးရှိ စစ်ပစ္စည်း၊လက်နက်ခဲယမ်းများ ရုရှား၊ စင်ကာပူ၊ တရုတ်၊အိန္ဒိယနှင့် ထိုင်း တို့က ရောင်းချပေးမှု ကုလသမဂ္ဂကိုယ်စားလှယ်က အသေးစိတ် ထုတ်ပြန်

Must read

ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီအတွက် ဒေါ်လာ ၁ ဘီလီယံ တန် ဖိုးရှိ စစ်ပစ္စည်း၊လက်နက်ခဲယမ်းများ ရုရှား၊ စင်ကာပူ၊ တရုတ်၊အိန္ဒိယနှင့် ထိုင်း တို့က ရောင်းချပေးမှု ကုလသမဂ္ဂကိုယ်စားလှယ်က အသေးစိတ် ထုတ်ပြန်

ရန်ကုန်၊ မေ ၁၉

မြန်မာပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီအတွက် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်ပစ္စည်း၊လက်နက်ခဲယမ်းများ ရုရှား၊ စင်ကာပူ၊ တရုတ်၊အိန္ဒိယနှင့်ထိုင်းတို့က ရောင်းချပေးမှု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tom Andrews က အသေးစိတ် ထုတ်ပြန်ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းများ ဝယ်ယူခဲ့ကြောင်း ၊ ထိုသို့ ဝယ်ယူရာတွင် ရုရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ နှင့် ထိုင်းနိုင်ငံတို့က ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။

ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက်ပစ္စည်းတွေကို ဘယ်လို ဝယ်ယူနေလဲ

========================================

စစ်ကောင်စီက ထိုသို့ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် ရုရှား ကုမ္ပဏီ ၂၈ ခုထံမှ ဒေါ်လာ ၄၀၆ သန်း၊ တရုတ်မှ ကုမ္ပဏီ ၄၁ ခုထံမှ ဒေါ်လာ ၂၆၇ သန်း၊ စင်ကာပူရှိ ကုမ္ပဏီ ၁၃၈ ခုထံမှ ဒေါ်လာ ၂၅၄ သန်း၊ အိန္ဒိယမှ ကုမ္ပဏီ ၂၂ ခုထံမှ ဒေါ်လာ ၅၁ သန်း၊ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၅ ခုထံမှ ဒေါ်လာ ၂၈ သန်းဖိုး ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ ၉၄၇ သန်းသည် မြန်မာစစ်တပ်နှင့် တိုက်ရိုက် အရောင်းအဝယ် လုပ်ခဲ့ခြင်းဖြစ်ပြီး ကျန် ၅၈ သန်းမှာ မြန်မာလက်နက်ပွဲစားများမှ တစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဒေါ်လာ ၁ ဘီလီယံဖိုး လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ ၆၀၁ သန်းမှာ တိုက်လေယာဉ်၊ ရဟတ်ယာဉ် ကဲ့သို့သော စစ်လက်နက်ပစ္စည်းများအတွက် ဝယ်ယူခြင်းဖြစ်ကြောင်း၊ အရပ်ဘက်နှင့်စစ်ဘက်သုံး ဆက်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၈၀ သန်း၊ စစ်သုံးထုတ်လုပ်ရေးအပိုပစ္စည်းများအတွက် ဒေါ်လာ ၈၇ သန်း ၊ စစ်ဘက်သုံး အခြေခံအဆောက်အဦအတွက် ဒေါ်လာ ၆၁ သန်း၊ ကုန်ကြမ်းပစ္စည်းများအတွက် ဒေါ်လာ ၇၇ သန်း ဝယ်ယူ အသုံးပြုခဲ့ကြောင်း သိရှိရသည်။

စီးပွားရေးပိတ်ဆို့မှု ကင်းလွတ်နေသော ငွေကြေးများ

==============================

စစ်ကောင်စီအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အဓိက အရေးကြီးသော စစ်ကောင်စီ၏ ငွေအရင်းအမြစ်များကို တားဆီး ပိတ်ဆို့နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

စစ်ကောင်စီအတွက် အဓိက ငွေရှာပေးနေသော မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း MOGE ကို ဥရောပသမဂ္ဂမှ လွဲ၍ မည်သည့်နိုင်ငံကမှ ပိတ်ဆို့ထားခြင်းမရှိကြောင်း၊ MOGE က စစ်ကောင်စီကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော် ထောက်ပံ့နေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီအတွက် ငွေကြေးလက်ခံခြင်းနှင့် ငွေကြေးသုံးစွဲနေသော မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ကို မည်သည့်နိုင်ငံကမှ အရေးယူပိတ်ဆို့ထားခြင်းမရှိဘဲ စစ်ကောင်စီက ငွေကြေးလက်ခံခြင်းနှင့် လက်နက် ဝယ်ယူမှုအတွက် ငွေကြေးသုံးစွဲနိုင်ဆဲဖြစ်ကြောင်း သိရှိရသည်။

ရုရှားထံမှ ဒေါ်လာ ၄၀၆ သန်းဖိုး စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း

======================================

စစ်ကောင်စီက ရုရှားထံမှ အမရိကန်ဒေါ်လာ ၄၀၆ သန်းဖိုး စစ်လက်နက် ပစ္စည်းများ ဝယ်ယူခဲ့ရာတွင် ရုရှားကုမ္ပဏီ ၂၈ ခုထံမှ ဝယ်ယူခဲ့ပြီး ယင်း ရုရှားကုမ္ပဏီ ROSOBORONEXPORT ထံမှ အမေရိကန်ဒေါ်လာ ၂၂၇ သန်းဖိုးကိုလည်းကောင်း၊ NEFT POVOLJYA ထံမှ ဒေါ်လာ ၂၂ သန်း၊ ALMAZ ANTEY ၊ IRKUT CORP ၊ ROSTOV MIL ၊ AZIMUT RUS LLC ၊ ALMAZ R & P ၊ UNITED ENGINE CORP ၊ TACTICAL MISSLES CORP၊ SKY AVIATOR ၊ AO SPARC ၊ RUSSIA AIRCRAFT CORP ၊ ALLWE FOREIGN CORP ၊ HORIZON JSC တို့ထံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုရှားထံမှ ဝယ်ယူရာတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ရေဒါထောက် လှမ်းရေးပစ္စည်းများ၊ ဒရုန်းများ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးများ၊ စစ်ဘက်သုံးယာဉ်များ စသည်ဖြင့် ပါဝင်ကြောင်း သိရှိရသည်။

တရုတ်နှင့်ဟောင်ကောင်ထံမှ ဒေါ်လာ ၂၆၇ သန်းဖိုး စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း

===========================================

တရုတ်ကုမ္ပဏီ ၄၁ ခုထံမှ အမေရိကန်ဒေါ်လာ ၂၅၂ သန်းဖိုး တိုက်ရိုက် စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါ်လာ ၁၅ သန်းမှာမူ မြန်မာ စစ်လက်နက်ပွဲစားများမှတစ်ဆင့် စစ်တပ်က ဝယ်ယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တရုတ် CHINA CAMC ENGINEERING ထံမှ ဒေါ်လာ ၆၁ သန်း၊ GUIZHOU AVIATION INDUSTRY မှ ဒေါ်လာ ၅၀ သန်း၊ POLY TECHNOLOGIES ထံမှ ဒေါ်လာ ၂၈ သန်း အပါအဝင် ကုမ္ပဏီ ၄၁ ခုထံမှ စစ်သုံး ပစ္စည်းများ၊ လက်နက်များ၊ ခဲယမ်းများ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

တရုတ်ထံမှ ဝယ်ယူရာတွင် JF 17 တိုက်လေယာဉ် ပြင်ဆင်ခြင်း၊ FTC 2000 G တိုက်လေယာဉ်များ ဝယ်ယူခြင်း၊ တင့်ကားများ ဝယ်ယူခြင်း၊ တိုက်လေယာဉ် အင်ဂျင်များ၊ K-8 လေယာဉ် အတွက် အပိုပစ္စည်းများ ဝယ်ယူခြင်း၊ Nanchang Q-5/A-5/A-5IIK လေယာဉ်များ ဝယ်ယူခြင်းများ ပါဝင်သည်။

စင်ကာပူထံမှ ဒေါ်လာ ၂၅၄ သန်း စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း

=========================================

စင်ကာပူနိုင်ငံရှိ ကုမ္ပဏီ ၁၃၈ ခုထံမှ ဒေါ်လာ ၂၅၄ သန်း စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အဓိကအားဖြင့် အပိုပစ္စည်းများ၊ ကုန်ကြမ်းများ၊ ထုတ်လုပ်ရေးပစ္စည်းများကို အဓိကထားဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူထံမှ ဝယ်ယူသည့် ပစ္စည်းများတွင် Mi-17 ရဟတ်ယာဉ် အပိုပစ္စည်းများ၊ K-8 တိုက်လေယာဉ်၏ အပိုပစ္စည်းများ၊ ATR-42 320/500 ၏ အပိုပစ္စည်းများ၊ Mig-29 တိုက်လေယာဉ်၏ အပိုပစ္စည်းများ၊ အခြားထုတ်လုပ်ရေးသုံး ပစစဉ်းများကို ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယမှ ဒေါ်လာ ၅၁ သန်းဖိုး စစ်ပစ္စည်းလက်နက်များ ဝယ်ယူခြင်း

======================================

အန္ဒိယကုမ္ပဏီ ၂၂ ခုထံမှ စစ်ပစ္စည်းလက်နက်များ ဝယ်ယူရာတွင် အဓိကအားဖြင့် ကုန်ကြမ်း၊ ထုတ်လုပ်ရေးပစ္စည်း၊ ရေဒါစနစ် အပါအဝင် စစ်လက် နက်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရသည်။

စစ်လက်နက်များအတွက် ဒေါ်လာ ၃၉ သန်း၊ ထုတ်လုပ်ရေး ပစ္စည်းများအတွက် ဒေါ်လာ ၁ သန်း၊ စစ်သုံးပစ္စည်းများအတွက် ဒေါ်လာ ၁၁ သန်း သုံးစွဲခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံထံမှ ဒေါ်လာ ၂၈ သန်းဖိုး စစ်ပစ္စည်းလက်နက်များ ဝယ်ယူခြင်း

==========================================

စစ်ကောင်စီက ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁၂ ခုထံမှ အမေရိကန်ဒေါ်လာ ၂၈ သန်းဖိုး စစ်ပစ္စည်းလက်နက်များ ဝယ်ယူလျက်ရှိပြီး အဓိကအားဖြင့် မြန်မာစစ်တပ်နှင့် တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ Mi-17 စစ်ရဟတ်ယာဉ် အပိုပစ္စည်းများ၊ ATR-42 အပိုပစ္စည်းများ၊ ထုတ်လုပ်ရေးပစ္စည်းနှင့် ကုန်ကြမ်းများကို အဓိက တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်

===============================

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tom Andrews က မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် တိုက်ထွန်းထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပြင်းထန် ထိရောက်သော အရေးယူမှုများ တောင်းဆိုသည်။

ရုရှား၊ စင်ကာပူ၊ အိန္ဒိယ၊ တရုတ်နှင့်ထိုင်းတို့အနေဖြင့် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုများကို ရပ်ဆိုင်းရန်နှင့် ထိရောက်သော အရေး ယူမှုများ လုပ်ဆောင်ရန်၊ နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီကို ထိထိရောက်ရောက်ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် တောင်းဆို အကြံပြုထား သည်။

ဓာတ်ပုံ- ရုရှားထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် သွားရောက် ကြည့်ရှု နေသော အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article