36 C
Yangon

ဘောင်မဝင် တန်းမဝင် အကြမ်းဖက် စစ်အုပ်စု အဖြစ်သာ ကမ္ဘာ့နိုင်ငံများက လက်ခံထားမှု အပေါ် ICJ ကို အသုံးချပြီး တုန့်ပြန်နိုင်ဖို့ စစ်ကောင်စီ ကြံစည်

Must read

ဘောင်မဝင် တန်းမဝင် အကြမ်းဖက် စစ်အုပ်စု အဖြစ်သာ ကမ္ဘာ့နိုင်ငံများက လက်ခံထားမှု အပေါ် ICJ ကို အသုံးချပြီး တုန့်ပြန်နိုင်ဖို့ စစ်ကောင်စီ ကြံစည်

By လမ်းသစ်

အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းခဲ့အပြီး ပြည်သူ လူထုရဲ့ ဘက်ပေါင်းစုံကနေ ခုခံတုန့်ပြန်မှုတွေကြောင့် ယိုင်နဲ့နဲ့ အခြေအနေမှာ ရှိနေစဥ်မှာပဲ နိုင်ငံတကာမှာလည်း တရားစွဲခံထားရတဲ့ အမှုတွေအတွက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် လူသတ်ကောင် မင်းအောင်လှိုင်တို့ စစ်အုပ်စုအနေနဲ့ တန်ပြန်ထုချေလွှာတင်ရဖို့ ရှိနေတာပါ။

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုအတွက် တရားစွဲထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ထုချေလွှာတင်မယ့်ရက်ကို ၁ဝ လ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ICJ ဘက်က ၁လသာ ရွှေ့ဆိုင်းပေးပြီးတဲ့နောက် အခု ၁ လပြည့်တဲ့အခါမှာ နောက်ထပ် ၃လ ထပ်ရွှေ့ပေးခဲ့တာပါ။

ဒီအမှုကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီ ယာ နိုင်ငံက တရားစွဲဆိုခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ပါတယ်။ အခုတော့ အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ပြီး သူတို့ကိုယ်တိုင် ဖြေရှင်းနေတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အခုလို တရားစွဲဆိုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အရင်က ကန့်ကွက်ခဲ့ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်အကြာမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံအပေါ် တရား စွဲဆိုမှုအတွက် ကနဦးကန့်ကွက်မှုအားလုံးကို ရုတ်သိမ်းကြောင်း ကြေ ညာပြီး ICJ မှာ NUG က စေလွှတ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ပြည်တွင်းတရားစီရင်ရေး အခွင့်အာဏာကို လက်မလွှတ်သေးတဲ့အတွက် ICJ တရားစွဲဆိုမှုကို ကန့်ကွက်တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်တပ်က အလုံးစုံ ခြယ်လှယ်နေတာကြောင့် နိုင်ငံတကာရဲ့ တရားစီရင်မှု ယန္တရားကို အားကိုးရမယ့် အခြေအနေဖြစ်သွားတယ်လို့ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးရဲ့ ဆင့်ခေါ်စာဟာ ဘယ်လ်ဂျီယံနိုင်ငံ မြန်မာသံရုံးကတစ် ဆင့် စစ်အုပ်စုရှိတဲ့ နေပြည်တော်ကို ရောက်သွားပြီး နိုင်ငံတကာ အသိ အမှတ် ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ စစ်ကောင်စီရဲ့ အေးဂျင့်အသစ်တွေ ICJ ကို ရောက် သွားပါတော့တယ်။

ICJ ရဲ့ တရားစီရင်မှုတွေဟာ နိုင်ငံတွေနဲ့သာ သက်ဆိုင်တာဖြစ်တဲ့အတွက် ဒါဟာ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုတာ မဟုတ်ပါဘူးလို့ ပြော ထားပါလျက် အကြမ်းဖက်အဖွဲ့ရဲ့ ပြောခွင့်ရ ဆိုသူ ဇော်မင်းထွန်းကတော့ သူတို့ကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က အသိအမှတ်ပြုပါတယ်ဆိုပြီး ရပ်ကွက်ထဲ မဟုတ်တမ်းတရားတွေ ပတ်ကြွားနေခဲ့ပါတယ်။

“ICJ အနေနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ကိုယ်စားလှယ်တွေကို လက်ခံဆောင်ရွက်ခဲ့ခြင်းဟာ တရားဥပဒေအရ မြန်မာနိုင်ငံအစိုးရရဲ့ ရပ်တည်ချက်ကို အသိ အမှတ် ပြုတယ်လို့ ယူဆပါတယ်” ဆိုပြီး ဇော်မင်းထွန်းတစ်ယောက် ဇွတ်တွေ ယူဆနေခဲ့တာပါ။

နိုင်ငံတကာ ဥပဒေပညာရှင် ရှေ့နေကြီး ဦးအောင်ထူးကတော့ စစ်ကောင်စီက ICJ မှာ မြန်မာကိုယ်စားပြု ခုခံခွင့်ရသွားရင် သူတို့ လိုချင်နေတဲ့ တရားဝင်မှုအတွက် အထောက်အပံ့ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

စစ်ကောင်စီဟာ ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိဘူး၊ ICJ အနေနဲ့ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့် မရှိဘူး ဆိုတဲ့ အချက်တွေအပါအဝင် ကန့်ကွက်ချက် ၄ ချက် တင်သွင်းခဲ့ပေမယ့် အားလုံး ပယ်ချခံထားရပါတယ်။

၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရိုဟင်ဂျာတွေ သောင်းနဲ့ချီ အသတ်ခံခဲ့ရပြီး ၇သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေ၊ သက်သေ အထောက်အထားတွေဟာ တရားလို ဂမ်ဘီယာဘက်မှာ ခိုင်ခိုင်လုံလုံ ရှိနေတယ်လို့ သိရပါတယ်။

ICJ အမှုကိစ္စကို အနီးကပ်စောင့်ကြည့်နေတဲ့ Myanmar Accountability Project အဖွဲ့ရဲ့ တည်ထောင်သူ ခရစ္စတိုဖာဂန်းနက်စ်က သူ့ရဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေအရ စစ်ကောင်စီဟာ ရိုဟင်ဂျာအသိုင်းအဝိုင်းထဲမှာ လူတွေမေးမြန်းမှုတွေလုပ်ပြီး တန်ပြန်ဖြေရှင်းရေးလုပ်ဖို့ ကြိုးစားနေတယ်လို့ BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

“ကျူးလွန်သူတွေကိုယ်တိုင် အကျူးလွန်ခံရသူတွေဆီက ရယူတဲ့ ထွက်ဆိုချက်တွေဟာ ဘယ်လောက်လွတ်လပ်ပြီး အဖြစ်မှန်တွေကို ထင်ဟပ်စေနိုင်လဲဆိုတာကတော့ မေးခွန်းထုတ်ဖွယ် ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီးထွက်ပေးကြတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေပဲ သူတို့ တင်ပြမယ့် သက်သေတွေထဲ လွှမ်းမိုးနေဖွယ်ရာ ရှိပါတယ်။ ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးတယ်ဆိုတဲ့ ပြောဆိုချက်မျိုးမှာ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှုမျိုး မရှိပါဘူး” လို့ သူက ပြောပါတယ်။

စစ်အုပ်စုဟာ ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေး ရှေ့ပြေးအစီအစဉ်အဖြစ် ရိုဟင်ဂျာ ၁၂ဝဝ ဝန်းကျင်ကို ပြန်လည်လက်ခံမယ်လို့ ပြောထားပါတယ်။ ရိုဟင်ဂျာတွေ ပြန်အခြေချရမယ့် စခန်း ၂ ခုဆီကိုလည်း ရိုဟင်ဂျာတွေကို သွားရောက်လေ့လာစေခဲ့ပါတယ်။

ရိုဟင်ဂျာတချို့ကတော့ သူတို့ရွာမှာ ပြန်နေခွင့်ရမှာမဟုတ်လို့ မနေချင်ဘူးလို့ ပြောကြပါတယ်။ တချို့ကလည်း နိုင်ငံသားဖြစ်ခွင့်မရရင် မြန်မာကို မပြန်ဘဲ ဒုက္ခသည်စခန်းမှာပဲ နေမယ်လို့ ပြောနေကြပါတယ်။

“သူတို့ ဘယ်လောက်ပဲ ရက်ရွှေ့ရွှေ့ ဘယ်လောက်ပဲလုပ်လုပ် မြေပြင်မှာ ဒီစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု တောက်လျှောက်လုပ်နေတယ်။

အခု မိုခါဆိုင်ကလုန်းမှာဆိုရင်လည်း လူတွေကို သွားလာခွင့်တွေ ပိတ်ပင်ထားပြီးတော့ လူသားချင်းစာနာတဲ့ ထောက်ပံ့မှုတွေကိုပါ ပိတ်ပင်ထားတယ်ဆိုတာက စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်နေတယ်ဆိုတာကတော့ သိသာထင် ရှားတယ်” လို့ Burma Rohingya Organization UK အဖွဲ့ဥက္ကဌ ကိုထွန်းခင်က ဆိုပါတယ်။

အမှုမှာ စစ်ကောင်စီ ဘယ်လိုတန်ပြန်ဖြေရှင်းမလဲဆိုတာ သေချာမသိရသေးပေမယ့် တချို့ကတော့ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းနေတာကိုက လွဲနေတယ်လို့ ယူဆနေကြပါတယ်။

နိုင်ငံကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုရှိလာရင် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ သဘောထားကို ကြည့်ရမှာဖြစ်လို့ အထွေထွေညီလာခံက ထောက်ခံထားတဲ့ NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ နိုင်ငံကို ကိုယ်စားပြုသင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

“ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ဆိုင်ကလုန်းမိုခါရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ အရပ်သားပြည်သူတွေဆီ ကုလသမဂ္ဂရဲ့ အကူအညီ အထောက်အပံ့တွေ အလုံးစုံမရောက်ဘဲ ကြန့်ကြာနေရတာက ဘယ်သူတွေ ပိတ်ဆို့ထားလို့လဲ၊ တစ်နိုင်ငံလုံးအနှံ့ စစ်ဘက်အရပ်ဘက် မခွဲခြားတော့ဘဲ လေကြောင်းကနေ တိုက်ခိုက်နေကြသူတွေဟာ ဘယ်သူတွေလဲ၊ ရှင်းနေပါတယ်။

အဲ့ဒီ စစ်ဗိုလ်ချုပ်တွေ စစ်ခေါင်းဆောင်တွေက စေလွှတ်လိုက်သူတွေဟာ အကောင်းစား ဝတ်လုံကြီးတွေနဲ့ ICJ ကို ရောက်လာကြမယ်။ ကြည့်လိုက်ရင် အင်မတန် အပြစ်ကင်းတဲ့ဟန်မျိုးနဲ့။ အဲ့လိုလူမျိုးတွေ မြန်မာနိုင်ငံမှာ ကိုယ်စားပြုပြီး ICJ မှာ ရှိနေတဲ့အဖြစ်ကို မြင်တွေ့ရတာကိုက ကျနော့်အတွက်တော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အင်မတန် မှားယွင်းနေတဲ့ကိစ္စ၊ ဘယ်လိုမှ လက်သင့်ခံဖွယ်ရာ မကောင်းတဲ့ကိစ္စလို့ မှတ်ယူထားပါတယ်” ခရစ္စတိုဖာဂန်းနက်စ်က ပြောခဲ့ပါတယ်။

တကယ်တော့ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းရင်း အမွေဆိုးကို ပိုင်ဆိုင်ထားတဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုအတွက်တင် တာဝန်ရှိတာ မဟုတ်ပါဘူး။

သူတို့ဟာ အာဏာတည်မြဲရေးအတွက် ဘယ်လူမျိုး၊ ဘယ်မျိုးနွယ်စုကိုမဆို ချနင်းဖို့ ဝန်မလေးတဲ့ (ဝါ) လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေကို ခေတ်အဆက်ဆက် နင်းချေနေတဲ့ ဥပဒေမဲ့ ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတစ်ခုပဲ ဖြစ်နေပါတော့တယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article