30 C
Yangon

မင်းအောင်လှိုင် မေတ္တာရပ်ခံမှုဖြင့် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ မြန်မာ့နိုင်ငံရေးတွင် တစ်ကျော့ပြန် ဦးဆောင် ပါဝင်လာခြင်း၏ နောက်ဆက်တွဲ အလားအလာ

Must read

မင်းအောင်လှိုင် မေတ္တာရပ်ခံမှုဖြင့် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ မြန်မာ့နိုင်ငံရေးတွင် တစ်ကျော့ပြန် ဦးဆောင် ပါဝင်လာခြင်း၏ နောက်ဆက်တွဲ အလားအလာ

By ရန်ကုန်ခေတ်သစ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို ဖမ်းဆီးပြီး စစ်အာဏာ သိမ်းလိုက်တဲ့ အကြမ်းဖက်မင်းအောင် လှိုင်က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ သူ့ဆရာလည်းဖြစ်တဲ့ သန်းရွှေ၊ သူ့စီနီယာ သမ္မတဟောင်း သိန်းစိန်ကို သွားရောက်တွေ့ဆုံပြီး လက်ရှိ အခြေအနေ အကျပ် အတည်းတွေကို ကူညီဖြေရှင်းဖို့ တင်ပြ တောင်းဆိုရတယ်လို့ စစ်ဘက်သတင်းရပ်ကွက်တွေဆီက သိရပါတယ်။

မင်းအောင်လှိုင်က ဆရာ၊ စီနီယာတို့ထံ အကူအညီတောင်းခြင်းနှင့် တပ်တွင်းပြိုလဲမှုများ

===========================================

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မင်းအောင် လှိုင်ကိုယ်တိုင် စီမံခန့်ခွဲမှုတွေ လုပ် ဆောင်ခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းမှု ၁ နှစ်ခွဲကျော်လာချိန်မှာ အခြေအနေတွေဟာ ထိန်းလို့ မရနိုင်တော့ဘူးဆိုတာ မင်းအောင်လှိုင်အနေနဲ့ သိလာပါတယ်။

အထူးသဖြင့်တော့ တပ်တွင်းမှာ တိုက်ပွဲကြောင့် သေဆုံးမှုတွေ များလာသလို မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို မကြိုက်နှစ်သက်တဲ့ ထိပ်ပိုင်း တပ်ခေါင်းဆောင်ပိုင်းထဲမှာလည်းရှိလာနေပါတယ်။

တပ်တွေအတွင်းမှာ အထက် အောက် အမိန့်မနာခံမှုတွေနဲ့ စစ်ပြေးတွေများလာတာ၊ ရှေ့ တန်းမှာ တိုက်ပွဲကျ သေဆုံးပြီး ပြန်မလာတော့တဲ့ စစ်သည်အရေ အတွက် တဟုန်ထိုး များပြားလာတာကြောင့် မင်းအောင်လှိုင်အနေနဲ့ တပ်တွင်း စည်းလုံးညီ ညွတ်ရေး အတွက် အထူးကို စိုးရိမ်လာတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မင်းအောင်လှိုင်ကို မကြိုက်တဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေ ရှိနေပေမယ့်လည်း မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာပြန်သိမ်းနိုင်တဲ့အထိ အားမကောင်းလှပါဘူး။ သူတို့တွေအနေနဲ့ အစည်းအဝေးတွေမှာ မင်းအောင်လှိုင်ကို မကြိုက်ပေမယ့် ဘာမှ စောဒက မတက်ဘဲ သူပြောသမျှကို လိုက်မှတ် လိုက်ရေးနေရတာမျိုးရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင် အဓိက ကြုံနေရတာက အောက်ခြေတပ်တွေ ပြိုလဲနေခြင်းပဲဖြစ်ပါတယ်။

မိန်းမတွေ ထုတ်သုံးရတဲ့အထိ အခြေအနေဆိုးခဲ့တဲ့ စစ်ရေးပြအခမ်းအနား

=========================================

နေပြည်တော်မှာ မတ်လ ၂၇ ရက်နေ့ ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် တပ်မ တော်နေ့ အခမ်းအနားမှာ အမျိုးသမီးစစ် သည်တွေကို အများအပြား အသုံးပြုခဲ့တာ အားလုံးမှတ်မိကြဦးမှာပါ။ အမျိုးသမီးသမီးစစ်သည်ရာထောင်ချီ ထုတ်သုံးရတဲ့ ၇၈ နှစ်မြောက် စစ်ရေးပြအခမ်းအနားဟာ တကယ်တော့ အမျိုးသားစစ်သည်တွေရှေ့တန်းရောက်နေတာ၊ ၂၄ နာရီပတ်လုံး နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲဧရိယာမှာရှိနေလို့ အချိန်မီ ပြန်မခေါ်နိုင်တာနဲ့ သေဆုံးမှုတွေ များပြား နေတာကြောင့် ဖြစ်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။

၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မင်းအောင်လှိုင်အနေနဲ့ အရင်ထက်စာရင် အကျဉ်းချုံးပြီး မိန်းမစစ်သည်တွေကို ခေါ်ယူ ထုတ်ပြ ကျင်း ပ ခဲ့တာကလည်း တပ်တွင်းပြိုလဲမှုနဲ့ အင်အားချိနဲ့မှု အခြေအနေကို အဓိက ပေါ်လွင်စေခဲ့ပါတယ်။

“အမျိုးသမီးစစ်သည်တွေနဲ့ စစ်ရေးပြခဲ့ရတာက ဆန်းသစ်တဲ့ ထွင်လုံးမဟုတ်ပါဘူး။ တပ်ထဲမှာ လူမရှိတာကြောင့် နဲ့ အင်အားတွေက တစ်နိုင်ငံလုံး ဖြန့်ကျက်ထား တာကြောင့်လည်းပါတယ်။ ဒါက တပ်ထဲမှာ အားလုံးနားလည်ကြတဲ့ အခြေ အနေပါ” လို့ စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။

သန်းရွှေ အရှိန်အဝါကို အသုံးပြု၍ တပ်ကို ပြန်ထိန်းလိုခြင်း

================================

မင်းအောင်လှိုင်ဟာ သူ့ကို တပ်တွင်းနဲ့ ထိပ်ပိုင်းဗိုလ်ချုပ်တချို့ မကြိုက်နှစ် သက်ကြတာကိုလည်း သူကိုယ်တိုင် သိရှိပါတယ်။ ဒီလို မကြိုက်နှစ်သက်မှုတွေဟာ တချိန်မှာ ပြဿနာတစ်ရပ်ဖြစ်လာနိုင်တာကိုလည်း သူ နားလည်ပုံရပါတယ်။

“ငါတို့လင်တွေ ယောင်္ကျားတွေကသာ အသက်စွန့်နေကြတာ။ ဒင်းတို့ မိသားစုတွေက လုံခြုံရေး အပြည့်နဲ့ အချမ်းသာဆုံးဖြစ်နေကြပြီ။” ၊ “မအလသာ အာဏာ မရူးခဲ့ရင် ငါ့ယောင်္ကျား သေမှာမဟုတ်ဘူး” ၊ “တပ်ထဲက ထွက်တာနဲ့ ရှေ့တန်းဖြစ်နေတဲ့အပြင် တပ်ထဲမှာ နေတာတောင် ဘယ်အချိန် ဒရုန်းနဲ့ ဗုံးလာကျဲမလဲဆိုပြီး စိုးရိမ်နေရတယ်” စတဲ့ တပ်တွင်း အသံတွေက တကယ့်ကို အောက် ခြေမှာ အမှန်တကယ် ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ကို အောက်ခြေတပ်က မယုံကြည်မှုနဲ့ “ငါတို့ ဘာအတွက် အသက် စွန့်ရမှာလဲ” ဆိုတဲ့ မေးခွန်းထုတ်မှုတွေက တပ်ရင်းတပ်ဖွဲ့တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာနေပါတယ်။ မင်းအောင်လှိုင်နဲ့ စိုးဝင်းကိုယ်တိုင် တပ်တွင်းစည်းလုံးမှု မပြိုကွဲအောင် အခြေအနေတွေ ထိန်းသိမ်းဖို့ ကြိုးစားနေပေမယ့်လည်း အောက်ခြေတပ်ပြိုကွဲမှုက ထိန်းမနိုင် သိမ်းမရဖြစ် လာနေပါတယ်။

နောက်ဆုံးအနေနဲ့ တပ်ထဲမှာ ဩဇာကြီးကြီး ရှိနေသေးတဲ့ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေရဲ့ ကျောထောက် နောက်ခံ အင်အားရဖို့ မင်းအောင်လှိုင်က သူ့ဆရာဆီ အခစားဝင် အကူအညီတောင်းတာ ဆိုရင်လည်း မမှားနိုင်ပါဘူး။

သန်းရွှေ အကူအညီဖြင့် တရုတ်ရဲ့ ထောက်ခံမှု ကို ရယူခြင်း

================================

တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် အာဏာလုယူ ထိန်းချုပ်ခဲ့တဲ့ စစ်ခေါင်း ဆောင် ဟောင်း သန်းရွှေဟာ မင်းအောင် လှိုင်လို ရူးရူးမိုက်မိုက် အဆင်ခြင်မဲ့ မဟုတ်တာကိုတော့ လက်ခံရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လူသိန်းပေါင်းများစွာ သေကြေခဲ့ရတဲ့ နာဂစ်ကာလမှာတောင် အတည်ပြုပြဋ္ဌာန်းပြီး အာဏာလွှဲပြောင်းခဲ့တဲ့ သန်းရွှေဟာ တရုတ်ရဲ့လေးစားမှုကို ရရှိခဲ့သူဖြစ်ပါတယ်။

အာဏာက အနားယူပြီးတဲ့အချိန်မှာတောင် စစ်ခေါင်း ဆောင်ဟောင်း သန်းရွှေဆီ တရုတ်သံမတန်တွေ၊ တရုတ်အစိုးရကိုယ်စားလှယ်တွေ အမြဲမပြတ် ဝင်ထွက် လာရောက်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်း ၂ နှစ်တာကာလအတွင်းမှာ တရုတ်နဲ့ ဆက်ဆံရေးက မချောမွေ့ခဲ့ပါဘူး။ တချိန်က တရုတ်သမ္မတ ရှီကျင့်ပင်ကို မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မထောက်ပံ့ဖို့ ထုတ်ဖော်ပြော ဆိုခဲ့တဲ့ မင်းအောင်လှိုင်ကိုလည်း တရုတ်ဘက်က အထူးသတိထားစောင့်ကြည့်ခဲ့ပါတယ်။ ပြည်သူကို သတ်ဖြတ်တဲ့ လူသတ်ပွဲတွေ များပြားလာတဲ့အခါမှာ တရုတ်က ပိုလို့တောင် သတိထား စောင့်ကြည့်လာပြီး နီးကပ်တဲ့ ဆက်ဆံမှု မလုပ်ခဲ့ပါဘူး။

တစ်ဖက်မှာလည်း မင်းအောင်လှိုင်က တရုတ်ထက် ရုရှားဆီ ခဏခဏ သွားလို့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံတာ၊ ရုရှားတွေဆီက ထောက်ခံမှု ရယူတာတွေနဲ့ ဆက်ဆံရေး အရှိန်အဟုန်မြှင့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တရုတ်ကွန်မြူနစ်ပါတီရဲ့နိုင်ငံတကာဆက်ဆံရေးဌာန(အာရှ) ညွှန်ကြားရေးမှူးချုပ် Peng Xiubin က စစ်ခေါင်းဆောင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို ဧပြီလ ၁၈ ရက်နေ့မှာ လာရောက်တွေ့ဆုံခဲ့ပြီးနောက် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကလည်း လက်ရှိ နိုင်ငံရေးအကျပ်အတည်းအပေါ် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက ဘယ်လို သဘောထားရှိသလဲဆိုပြီး တရုတ်ဘက်က တစ်လျှောက်လုံး မေးမြန်းနေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ သန်းရွှေကိုယ်တိုင် ပါဝင် ဖြေရှင်းလုပ်ဆောင်ပေးဖို့ သေချာတဲ့ သတင်း စကားရသွားတဲ့ အခါမှာ တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကိုယ်တိုင် နေပြည်တော်ကို မေလ ၂ ရက်နေ့ အရောက်လာခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက စစ်ခေါင်းဆောင်ဟောင်း သန်းရွှေကို နေပြည်တော်မှာ နာရီအတော်ကြာ အချိန်ယူ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သန်းရွှေ ဘာကြောင့် နိုင်ငံရေး အကျပ်အတည်းမှာ ဝင်ပါရသလဲ ==================================

အာဏာရှင်ဟောင်း စစ်ခေါင်းဆောင်ဟောင်း သန်းရွှေဟာ ဘာကြောင့် မင်းအောင်လှိုင်လုပ်ခဲ့တဲ့ နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းဖို့ ဝင်ပါလာရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေက “မပါလို့ မရတော့လို့ပါ” လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

မင်းအောင်လှိုင် ရမ်းကားသတ်ဖြတ်မှုတွေက လက်ရှိ စစ်တပ် တင်မကဘဲ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ အသိုင်းအ၀ိုင်းတွေကိုပါ အလွန်ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ထိပ်တန်း ဗိုလ်မှူးချုပ်ဟောင်းတွေ လုပ်ကြံခံရတဲ့အထိ ဖြစ် လာပြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီသာ ကျဆုံးခဲ့ရင် သန်းရွှေ၊ သိန်းစိန်နဲ့ စစ်ဗိုလ်ချုပ်ဟောင်း မိသားစုတွေလည်း ပြည်သူ့တရားစီရင်‌ရေးအာဏာကနေ လွတ်ဖို့ လမ်းမရှိပါဘူး။

တစ်ဖက်မှာလည်း မင်းအောင်လှိုင်ဟာ သန်းရွှေ စိတ်တိုင်းကျ ရွေးချယ်ခဲတဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ DSA အပတ်စဉ် ၁၉ ကျောင်းဆင်း မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးအတွက် မင်းအောင်လှိုင် ထက် စီနီယာကျတဲ့ DSA အပတ်စဉ် ၁၈ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် ကျော်ပြီး သန်းရွှေက ရွေးချယ် တာဝန်ပေးခဲ့တာပါ။ အဲဒီလို ရွေးချယ်မှုကို မကျေနပ်လို့ DSA အပတ်စဉ် ၁၈ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်ကနေ ထွက်သွားတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

မင်းအောင်လှိုင်ရဲ့ ရမ်းကားသတ်ဖြတ်မှုတွေဟာ သန်းရွှေနဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ မိသားစု၊ အသိုင်းအ၀ိုင်းရှင်သန် ရပ်တည်ရေး အပေါ်မှာလည်း သက်ရောက်မှုရှိနေတာမို့ သန်းရွှေအနေနဲ့ မပါလို့ မရတဲ့ အခြေအနေ၊ မင်းအောင်လှိုင်ကလည်း ကူညီဖို့ အကူအညီ တောင်းလာတဲ့အခြေအနေမှာလည်း မငြင်းသင့်တောတဲ့ အနေအထားဖြစ်လာတာလည်းဖြစ်ပါတယ်။

မေလ ၃ ရက်နေ့ နိုင်ငံရေးအကျဉ်းသား ၂၁၃၅ ဦးလွှတ်ပေးမှုနဲ့ သေဒဏ်ပေးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၈ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပြောင်းတာဟာ သန်းရွှေရဲ့ စီမံခန့်ခွဲ အမိန့်ပေးမှု ပါဝင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

သန်းရွှေလမ်းစဉ် ဘာလဲ၊ ဘယ်လဲ

===================

အစပိုင်းမှာ ပြောထားခဲ့သလိုပါပဲ။ သန်းရွှေဟာ မင်းအောင်လှိုင်ထက်တော့ ပိုမို Smart ဖြစ်တဲ့ စစ်အာဏာရှင်ဟောင်း စစ်ခေါင်းဆောင်ဟောင်း ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “အန်ကယ်” လို့‌ ခေါ်ဝေါ်သုံးစွဲပြီး အလေးထား တွေ့ဆုံခဲ့ရတဲ့ အထိ သန်းရွှေဟာ ရွှေမန်းရဲ့ စေ့စပ်ပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်း ထူထောင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

သန်းရွှေဟာ ၁၉၉၂ ခုနှစ် ဧပြီလ သူ့အထက် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချပြီး န၀တ ဥက္ကဋ္ဌ ဖြစ်လာချိန်ကစလို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းနိုင်ငံရေးကို အပိတ်မစားဘဲ အတက်အကျ၊ အပေးအယူ ကစားတတ်သူလည်းဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀ိုင်း၊ ပြည်ပ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အတိုးအဆုတ်နဲ့ အတက်အကျနဲ့ ထိန်းထိန်းသိမ်းသိမ်း ကစားသွားနိုင်ခဲ့တာလည်း သန်းရွှေရဲ့ အားသာချက်ဖြစ်ပါတယ်။

လက်ရှိ စစ်တပ်အသိုင်းအ၀ိုင်းရဲ့ အဆိုအရ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ပွဲအနိုင်ရသူကို အာဏာလွှဲပြောင်းဖို့ကို သဘောတူပါတယ်။ တစ် နည်းအားဖြင့် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက ချမှတ်ထားတဲ့ နိုင်ငံရေးရည် မှန်းချက်ကို ထောက်ခံတာပါပဲ။

ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ ၂၀၁၂ ခုနှစ် အခင်း အကျင်းအတိုင်း NLD ပြန်လည်ပါဝင်လာရေး၊ NLD ပြန်မပါလာခဲ့ရင်လည်း ရွေးကောက်ပွဲအပြီး သ ဘော ထားပျော့ပျောင်းတဲ့ ပြုပြင်ပြောင်းလဲရေးသမားကို သမ္မတအဖြစ် တင် မြှောက်ပြီး ၂၀၁၂ ၊ ၂၀၁၅ နိုင်ငံရေး အခြေအနေတွေ ပြန်လည်ဖန်တီးပေးဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုကြပါတယ်။

“ကြားရသလောက်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်ပြီးတော့ပဲ ပျော့ပျော့ပြောင်းပြောင်းနဲ့ အားလုံးပါဝင်နိုင်ရေး သွားမယ့် လမ်းကြောင်းကို ပြန်စမယ်၊ ပြန်သွားမယ်လို့ ကြားရတယ်” လို့ စစ်တပ်သတင်းရင်းမြစ်ကဆိုပါတယ်။

အဲဒီစစ်တပ်သတင်းရင်းမြစ်ကပဲ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ ကြံ့ခိုင်ရေး ပါတီ အနိုင်ရခဲ့ရင် သမ္မတဟောင်း သိန်းစိန်နဲ့ အရင်ခေတ် ပြုပြင်ပြောင်းလဲရေးသမားလို့ နာမည်ရသူတွေ အစိုးရအဖွဲ့ထဲ ပြန်ပါလာနိုင်တယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ တပ်တွင်းမှာ လူပြောများ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

အချိန်နောက်ကျခဲ့ပြီ

===========

အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ ပြည်သူထောင်ပေါင်းများစွာ အသတ်ခံရပြီး ပြည်သူ ၃ သန်းနီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရကာ နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း သောင်းချီကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်ရဲ့ ယုတ်မာမှု၊ ခေါင်းဖြတ်သတ်မှု၊ ရမ်းကားသတ်ဖြတ်မှု၊ မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ရွာမီးရှို့မှု စတဲ့ လူမိုက်ဂိုဏ်းလို ဥပဒေမဲ့ ပြုမူမှုတွေကို ကျေးလက်နဲ့ မြို့ပြ လူထုတွေက မျက်ဝါးထင်ထင် သက်သေ အထောက်အထားတွေနဲ့ မြင်တွေ့ ခဲ့ရပြီဖြစ်ပါတယ်။

မြန်မာပြည်သူလူထုအနေနဲ့ ဒီစစ်တပ်နဲ့တော့ အတူနေဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ခံယူချက်တွေကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်ဟာ စေ့စပ်ဆွေးနွေးရေး စဖို့ဆိုရင် မင်းအောင်လှိုင်နဲ့ လက်ရှိထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို အရေးယူမှုတွေက စတင်ဖို့ ပြည်တွင်းပြည်ပ အသိုင်းအ၀ိုင်းက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပါတယ်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ အပါအဝင် တော်လှန်ရေးရဲဘော်တွေ ကြိုးပေးအသတ်ခံခဲ့ရတာ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူလူထုတွေကို အစုလိုက်အပြုံလိုက် လေယာဉ်နဲ့ ဗုံးကျဲ သတ်ဖြတ်ခံရတာတွေဟာ လူထုရင်ထဲမှာ အစိုင်အခဲကြီးအဖြစ် ဖြစ်တည်နေပါတယ်။ လက်ရှိအခြေအနေဟာ စေ့စပ်ဆွေးနွေးဖို့ လမ်းမရှိတော့တဲ့ ၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ အနေအထားဖြစ်ပါတယ်။

ဒါကြောင့် သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ်တွေ စဉ်းစားနေတဲ့ အရင်လို အခြေအနေ ပြန် သွားဖို့ ဆိုတာက အချိန်အတော်နှောင်းခဲ့ပြီဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ ပြည်သူလူထုဟာ တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီးဖြစ်တဲ့အပြင် ဘာအကြောင်းကြောင့်မှ တော်လှန်ရေးက နောက်ပြန်မလှည့်တော့ဘူးလို့ ဆိုပါတယ်။

“စစ်တပ်ကို Power Sharing ။ တည့်တည့်ပြောရရင် ပေးခဲ့တယ်။ အဲဒီ အပြင်ကိုဗျာ သူတို့အတွက် ထွက်ပေါက်များစွာလည်း ပေးခဲ့ပါလျက်နဲ့ အဲဒီလမ်းစဉ်ကို စပြီး‌တော့ ဖျက်ဆီးခဲ့တာ ဘယ်သူတွေလဲ။ သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာ။ အဲဒီတော့ ပြည်သူတွေက ရွေးခဲ့ပြီ။ ဘာကို ရွေးခဲ့လဲ။ နောက်ဆုံးတိုက်ပွဲပဲ ဒီတစ်ခါတော့ ။ ဒီတိုက်ပွဲပြီးရင် အောင်မြင်ပြီ။ ပြီးပြီ။ အဲဒီတော့ နောက်ဆုံးတိုက်ပွဲကို ရွေးခဲ့တဲ့ နောက်ဆုံးနည်းလမ်းကို ရွေးပြီးသွားပါပြီ။ ပြည်သူတွေ အားလုံးရဲ့ စိတ်ဓာတ်က ခုနပြောသလို ဒီတော်လှန်ရေးမှာ ပါလာပြီဆိုကတည်းက ဒါက လစာကောင်းကောင်းပေးမယ့် အသင်းကို ပြောင်းမယ့် လူ မပါဘူး ။ ဒီအသင်း ဒီတော်လှန်ရေး တန်းဆင်းဇုန်ပဲ ရောက်ရောက် ချန်ပီယံပဲ ရရ ရေကုန်ရေခန်း မီးကုန်ယမ်းကုန် ဆင်နွှဲမယ့် ပြည်သူတွေပဲ ဖြစ်တယ်” လို့ ဦးမင်းကိုနိုင်က လက်ရှိ အခြေအနေကို သုံးသပ်ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article