27 C
Yangon

မိုခါဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်းခဲ့သည့် ကျောက်တော်မြို့နယ်တွင် ကျေး ရွာများ၊ လူနေအိမ်များ၊ ဘုန်းကြီး ကျောင်းနှင့် ဘုရားစေတီများ ပျက်စီးမှု အလွန် များပြား ၊ မုန်တိုင်းသင့်ပြည်သူများထံသို့ ကူညီ ကယ်ဆယ်ရေး မရောက်ရှိသေး

Must read

မိုခါဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်းခဲ့သည့် ကျောက်တော်မြို့နယ်တွင် ကျေး ရွာများ၊ လူနေအိမ်များ၊ ဘုန်းကြီး ကျောင်းနှင့် ဘုရားစေတီများ ပျက်စီးမှု အလွန် များပြား ၊ မုန်တိုင်းသင့်ပြည်သူများထံသို့ ကူညီ ကယ်ဆယ်ရေး မရောက်ရှိသေး

ရန်ကုန်၊ မေ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် မိုခါ ဆိုင်ကလုန်း မုန်တိုင်း ယမန်နေ့ ဖြတ်သန်းပြီးနောက် ကျေးရွာများ၊ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ဘုရားစေတီများ ပျက်စီးမှု အလွန်များပြားကြောင်း ကျောက်တော်ဒေသပြည်သူတချို့က ပြောသည်။

ကျောက်တော်တွင် မိုခါ ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်းစဉ် လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှု အလွန်များပြားကြောင်း၊ ကျောက်တော်မြို့ပေါ်နှင့် ကျေးရွာများအထိ လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ အဆောက်အအုံများ ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးမှု အလွန် များပြားကြောင်း သိရှိရသည်။

“ကျနော်တို့ သိရသလောက်တော့ မြို့ပေါ်ရော ရွာတွေရော၊ ရွာတွေဆိုတာ ရွာတိုင်းနော်။ ကျောက်တော်မြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာတိုင်းအကုန် ပျက်စီးမှုတွေ ဖြစ်တယ်။ မပျက်စီးတဲ့ ရွာဆိုတာမရှိသလောက်ပဲ။ အခု ဖုန်းလိုင်းတွေ ပျက်ပြီး ရတဲ့ လိုင်းတွေက ရသေးတယ်။ မြို့ပေါ်မှာဆိုရင် အိမ်တိုင်း ခေါင်မိုးမရှိတော့ဘူး။ ရွာတွေမှာလည်း လူနေအိမ်တွေ အကုန်လုံးပျက်စီးတယ်။ ဘုရားစေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးတယ်” ဟု ရန်ကုန်မြို့ တွင် ရောက်ရှိနေသည့် ကျောက်တော်မြို့ခံတစ်ဦးက လက်ရှိ သိရှိထားသော နောက်ဆုံးအခြေအနေကို ရှင်းလင်း ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ ရွှေလှိုင်ဘုန်းတော်ကြီးကျောင်းမှာလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ တိုက်ခတ်မှုကြောင့် ကျောင်းတော်ကြီး၏ နေရာအနှံ့အပြား ပြိုကျပျက်စီးနေပြီး အဆောက်အအုံများမှာ ခေါင်မိုး ကျွတ်ထွက်သွားကြောင်း၊ စေတီများမှာလည်း ထီးတော်များ ပြိုကျနေကြောင်း ဆရာတော် အရှင် မုနိန္ဒဝံသက လူမှုကွန်ရက်တွင် တင်ထားသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ တိုက်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ ငါးဆောင်ဖက်ကျေးရွာမှာလည်း ရွာလုံးကျွတ် ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူတချို့ထံမှ သိရှိရသည်။

လက်ရှိ ကျောက်တော်မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံထားရသည့် မြို့ပေါ်နှင့် ကျေးရွာများရှိ မုန်တိုင်းသင့် ပြည်သူများထံသို့ စားဝတ်နေရေးအတွက် ရိက္ခာပေးပို့မှုနှင့် ကယ်ဆယ်ကူညီရေးများ ရောက်ရှိလာခြင်း မရှိသေးဟု သိရှိရသည်။

ဓာတ်ပုံ- ကျောက်တော်မြို့နယ်၊ ရွှေလှိုင်ကျောင်းတော်ကြီး ပြိုကျပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article