33 C
Yangon

မိုးဗြဲမြို့ကို စစ်တပ်က တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၁ ဦးသေဆုံး၊ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ နေအိမ်များ ပျက်စီး

Must read

မိုးဗြဲမြို့ကို စစ်တပ်က တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၁ ဦးသေဆုံး၊ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၂၈

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်တပ်က တိုက်လေယာဉ်၊ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁ ဦးသေကာ ပြည်သူ ၈ ဦးထိခိုက်ဒဏ်ရာရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှသိရှိရသည်။

မေလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် လေယာဉ်ဖြင့် ၉ ကြိမ်တိုင် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တာဝေးပစ်လက်နက်ကြီးများလည်း ပစ်ခတ်ခဲ့ရာ ၃ နှစ်အရွယ် ကလေးငယ် သေဆုံးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က သတင်း ထုတ်ပြန်သည်။

မိုးဗြဲမြို့တွင် မေလ ၂၇ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီနှင့် မဟာမိတ်အဖွဲ့တို့ ထိတွေ့မှုအနည်းငယ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ၈ ကြိမ် ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ တာဝေးပစ် လက်နက်ကြီးဖြင့်လည်း အဆမတန်အသုံးပြုခဲ့ရာ အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ထံမှ သိရှိရသည်။

ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့နေအိမ်အမြောက်အမြားလည်း ထပ်မံပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ မေ ၂၈ ရက်နေ့ နံနက် ၄ နာရီ ၃၀ အချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ မိုးဗြဲအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များနေသည့် စစ်ရှောင်စခန်းတစ်နေရာကို လေယာဥ်ဖြင့် ၁ကြိမ်တိုင်တိုင်လာရောက် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကို ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြပါရန် လေးနက်စွာ အသိသတိပေးအပ်ကြောင်းလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ထုတ်ပြန်ထားသည်။

ထို့အတူ မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တွင် စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည်က အရပ်သားပြည်သူများ ထိမှန်ဒဏ်ရာရှိကြောင်း၊ စစ်တပ်က ပစ်ခတ်မှုကို PDF များက ပစ်ခတ်သည်ဟု စွပ်စွဲမှုများ လုပ်ဆောင်သော်လည်း ဒေသပြည်သူများ၊ ကျားဖြူစစ်ကြောင်း၏ တော်လှန်ရေး သတင်းရင်းမြစ်တချို့ ပစ်ခတ်မှုသည် စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အခိုက်အမာ ပြောဆိုသည်။

“စစ်တပ် က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျဉ်က ကော့ကရိတ်တောင်ပိုင်း ကြာအင်းကုန်း ကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသလူနေအိမ်တချို့ကို ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ ကော့ကရိတ်နယ်တခွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ် ခတ်နေပါတယ်။ ဒေသ ပြည်သူတွေကို စစ်တပ်က လက်နက် ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်မှုပြုနေတာလအတော်ကြာနေပြီ” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article