34 C
Yangon

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စစ်တပ်က မုန်တိုင်းသင့်ပြည်သူများကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ ပေးအပ်ပြီး မယူသူများပြား

Must read

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စစ်တပ်က မုန်တိုင်းသင့်ပြည်သူများကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ ပေးအပ်ပြီး မယူသူများပြား

ရန်ကုန်၊ မေ ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါ မုန်တိုင်းသင့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က တစ်ဦးလျှင် ဆန် ၂ ဘူးစီ ပေးအပ်ခဲ့ပြီး မယူသူ များပြားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

မေ ၂၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ထွေအုပ်ရုံးတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး လူဦးရေ ၁၀၀ ကို ဆန် ၁ အိတ်၊ ကျေးရွာအုပ်စုတစ်စုကို ခေါက်ဆွဲခြောက် ၂ ဖာ၊ စားသုံးဆီ ၁ လီတာဆံ့ ဆီဘူး ၁၂ လုံးပါ ၂ ဖာ တို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် စောင် ၃ ထည်၊ သွပ်အသစ် ၃၀၊ အဟောင်း ၁၅ ချပ်စီ ထောက်ပံ့ပေးခဲ့သည့်အပေါ် ပုဏ္ဏားကျွန်း ဒေသခံများက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး နိုင်ငံတော်အဆင့်အနေဖြင့် ယင်းကဲ့သို့ ထောက်ပံ့ခဲ့သည့်အပေါ် မေးခွန်းထုတ် ပြောဆိုနေကြကြောင်း သိရှိရသည်။

“၂၃ ရက်နေ့က စစ်ကောင်စီဘက်က ကယ်ဆယ်ရေးပေးတယ်။ ရပ်ကျေး၊ အုပ်စု တာဝန်ရှိသူတွေကနေ တစ်ဆင့်ပေးတာပေါ့။ ရတာကတော့ ဆန် ၂ ဘူးရပါတယ်။ ဆန် ၂ ဘူးက ဘာလုပ်ရမှာလဲ။ အချို့ရပ်ကွက်တွေမှာ ခြင်ထောင်တစ်လုံးပေးပါတယ်တဲ့။ ဒီမဖြစ်စလောက်လေးနဲ့ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဗျာ။ ကျနော်တို့က မယူဘဲ ပြန်လာကြတယ်”ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က လေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ စည်သွပ်ဗူး တို့အပြင် အိမ်ဆောက်ပစ္စည်းများ ဖြစ်သည့် သွပ်၊ သစ်နှင့် အမိုးအကာ စသည်တို့ကို ရေလမ်းမှ ကုလားတန် အမည်ရှိ သင်္ဘော ၃ စီးဖြင့် လည်းကောင်း၊ ကုန်လမ်းမှ လည်းကောင်း ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါပစ္စည်းများမှာ စစ်တပ်ရေယာဥ်၊‌ လေယာဥ်များဖြင့် အဆက်မပြတ် ဝင်ရောက်လာပြီး မြို့နယ် ၁၄ မြိုနယ်စီ၌ တစ်မြို့နယ်စီတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိကြီး ၁ ဦးစီက ပြန်လည်ထူထောင်ရေး ပစ္စည်းကို ဖြန့်ဝေလျက်ရှိသည်ဟု အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားသည်။

သို့သော် မုန်တိုင်းဘေးသင့်မြို့နယ်များဖြစ်သည့် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့နယ်များကို ကုန်လမ်းရေ လမ်းများဖြင့်ပါ ထောက်ပံ့မှုများကို လုပ်ဆောင်ထားပြီး ဖြစ်သည်ဟု အကြမ်းဖက် စစ်တပ်က ဆိုထားသော်လည်း မြို့နယ်အများစုတွင် ထောက်ပံ့မှုများ လုံးဝမရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ပေါက်တောမြို့နယ်ဖက်ကိုလည်း Western News မှ ဆက်သွယ်သောအခါ မည်သည့် အဖွဲအစည်းကမှ ကယ်ဆယ်ရေး မရောက်ရှိသေးကြောင်း ဒေသခံများကပြောဆိုသည်၊ အလားတူ မင်းပြား၊ မြေပုံဒေသဖက်တွင်လည်း ထောက်ပံ့မှုမရရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“အစိုးရက ဘာမှမပေးသေးပါဘူး။ အချို့ ကိုယ့် ပြည်က ‌လူမှု အဖွဲ့အစည်းတွေ အချို့က ဆန်နဲ့ဆီတွေ တစ်ပတ်စာလောက်လာပေးတာရှိပါတယ်” ဟု​ ရသေ့တောင်မြို့နယ်မှ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တွေမြို့တွင်လည်း အကြမ်းဖက် စစ်တပ်က ရပ်ကွက်အချို့၌ ကုလားအုပ်ခေါက်ဆွဲ ၂ထုပ်၊ အချို့ ရပ်ကွက်တွင် ဆန် ၃ ပြည်တို့ကိုသာ ထောက်ပံ့မှုရှိသည့်အပေါ် ဒေသခံများက မေးခွန်းထုတ် နေကြကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေးသည့် ဆန် ၂ ဗူးသည် မည်သည့် အထောက်အပံ့မှုမှ မဖြစ်သည့်အတွက် မယူသည့်သူသာများပြီး အမှန်တကယ် ကျပ်တည်းသူများကသာ ထောက်ပံ့မှုကိုယူခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့ သာယာလမ်းမှ ပြည်သူ တစ်ဦးကပြောဆိုသည်။

” အဲ့ဆန် ၂ဗူးက ဘာလုပ်ရမှာလဲ။ ဘာမှအထောက်အပံ့မဖြစ်ဘူး။ ဒီလောက်ကြာမှ ထောက်ပံ့မှုပေးတာက အညံ့စားဆန် ၂ဘူးဆိုတော့ ရခိုင်ကလူတွေကို စစ်ကောင်စီက ကယ်ဆယ်ရေးပေးတဲ့ ပမာဏဟာရယ်စရာပဲ။ သွားမယူခဲ့ပါဘူး။ အရမ်းကြပ်တည်းကြတဲ့သူတွေပဲသွားယူတာတွေ့ရတယ်။ ကျွန်တော်တို့ မယူရင် ကျန်တဲ့သူတွေ ပိုရအောင်ပေါ့။ ဒါပေမယ့် ပိုတာကိုပြန်မသွားတာပဲ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

မေ ၂၅ ရက်နေ့တွင် စားနပ်ရိက္ခာဆန်နှင့် စားဆီ၊ ခေါက်ဆွဲခြောက်၊ ငါးစည်ဗူး၊ အိမ်မိုးသွပ်ပြား၊ မိုးသံ၊ စောင်၊ ဖိနပ်၊ မျက်နှာသုတ်နှင့် အဝတ်အထည်စသည့် ကယ်ဆယ်ရေးပစ္စည်း ၁၄ မျိုးတို့ကို ကျေးရွာအုပ်စု ၄၈ အုပ်စုသို့ စနစ်တကျ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ပြည်နယ် အကြမ်းဖက် စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ရခိုင်ပြည် လေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း ၇သောင်း ထောက်ပံ့ ပေးထားကြောင်းထုတ်ပြန်ထားပြီး ကုလသမဂ္ဂက လည်း အမေရိ‌ကန်ဒေါ်လာ ၅ သန်း၊ အိန္ဒိယအစိုးရနှင့် ထိုင်းနိုင်ငံများမှလည်း ထောက်ပံ့မှုများအပြင် ပြည်တွင်းအလှူရှင်များမှလည်း အလှူငွေများ လက်ခံလျက်ရှိ​ကြောင်း သိရသည်။

မေ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သည့် မိုချာမုန်တိုင်းကြောင့် ရခိုင်ပြည်မှ မြိုနယ်အားလုံးမှ ပြည်သူ သန်းချီလေဘေးဒဏ်ကို ခံစားနေကြရပြီး အထူးသဖြင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော မြိုနယ်များသည် မုန်တိုင်းဒဏ်အများဆုံးခံစားနေကြရသည်။

ဓာတ်ပုံ-Western News

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article