27 C
Yangon

အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကို မက္ကဆီကိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထား

Must read

အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကို မက္ကဆီကိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထား

ရန်ကုန်၊ မေ ၁၀

မက္ကဆီကိုနိုင်ငံဟာ မြန်မာခရိုနီ စစ်လက်နက်ပွဲစားတဦးဖြစ်သူ စစ်တိုင်းအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar (JFM) ကထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စစ်တိုင်းအောင်ဟာ ယခင်က Yatanarpon Aviation Support Company Ltd ကို ဦးဆောင်ခဲ့သူဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက တရားမ၀င် အာဏာသိမ်းဖို့ စတင်ကြိုးပမ်းချိန်ကစလို့ လေယာဥ်အစိတ်အပိုင်းတွေကို အကြမ်းဖက်မြန်မာစစ်တပ်အတွက် တင်သွင်းခဲ့သူပါ။ ဒီအကြောင်းတွေကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ သူဟာ အဆိုပါကုမ္ပဏီကနေ နုတ်ထွက်ခဲ့တယ်လို့လည်း JFM ကဆိုပါတယ်။

စစ်တိုင်းအောင်ဟာ အရင်စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက် သစ်တောဝန်ကြီး အောင်ဖုန်းရဲ့ သားဖြစ်ပြီး သူ့ရဲ့ Suntac ကုမ္ပဏီအုပ်စုဟာ စစ်အုပ်စုနဲ့ ထင်ရှားတဲ့ ပတ်သက်ဆက်နွှယ်မှုတွေကြောင့် EUရဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံခဲ့ရပါတယ်။

ဒါ့အပြင် သူဟာ အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူတဦးလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ စစ်တိုင်းအောင်အပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး “စစ်တိုင်းအောင်က သူရဲ့ ကုမ္ပဏီတွေကို မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ငန်းတွေအဖြစ် ရှေ့တန်းကအသုံးပြုခဲ့ပြီး သူက အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အငြိမ်းစား သံတမန်တဦးကတော့ အခုလို မှတ်ချက်ပြုပါတယ်။

“စစ်အရာရှိဟောင်းတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို အခုလို နိုင်ငံတကာမှာ မြန်မာသံအရာရှိ ရာထူးတွေနဲ့ ခန့်အပ်စေလွှတ်နေတာကတော့ အာဏာရှင် ခေတ်အဆက်ဆက်မို့ ထူးခြားတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကိုမှ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားတဲ့ မက္တဆီကိုနိုင်ငံရဲ့ လုပ်ရပ်ကသာ ထူးခြားနေတာပါ။ သူတို့အနေနဲ့ အခြေအနေ အသေးစိတ်ကို မသိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေအရတော့ စစ်တိုင်းအောင်ကို လက်ရှိရာထူးကနေ မဖြစ်မနေ ဖယ်ရှားသင့်ပြီလို့ ထင်ပါတယ်”

ဒီအကြောင်းကို ထုတ်ဖော်ခဲ့တဲ့ Justice for Myanmar အဖွဲ့ကလည်း မက္ကဆီကိုနိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ တာဝန်ခံမှုတွေကို တန်ဖိုးထား ကူညီဖို့အတွက်ဆိုရင် စစ်တိုင်းအောင်ကို ၄င်းတို့ ပေးအပ်ထားတဲ့ ရာထူးနဲ့ ဂုဏ်ထူးဆောင် အထောက်အထားတွေ အားလုံးကို ချက်ချင်းရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။

ဓတ်ပုံ- စစ်တိုင်းအောင် (အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ည တင်သွင်းနေသည့် ခရိုနီ လက်နက်ပွဲစားနှင့် ယခင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် နအဖ အစိုးရ သစ်တောဝန်ကြီး အောင်ဖုန်း၏ သား)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article