ဧပြီလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊ အငြိမ်းစား စစ်အရာရှိ အပါအဝင် ၂၀ ဦးသေဆုံး
ရန်ကုန်၊ မေ ၂
စစ်အာဏာရှင် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများ၊ နိုင်ငံတစ်ဝန်း တိုက်ပွဲများနှင့် ပစ်ခတ်ခံရမှုများကြောင့် ဧပြီလအတွင်း ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊အငြိမ်းစား စစ်အရာရှိများအပါအဝင် ၂၀ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ပုလဲတွင် ဗိုလ်မှူး မင်းမြတ်သူ သေဆုံး
=============================
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူ ၂ ဦးတွင် တစ်ဦးမှာ ဗိုလ်မှူး မင်းမြတ်သူ ဖြစ်ကြောင်း သိရှိရသည်။
မင်းတိုင်ပင်ကျေးရွာတွင် ဗိုလ်မှူး ၁ ဦး သေဆုံး
=====================================
ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ နောက်ဘက်သို့ ရှေ့ပြေးကင်း အဖြစ် ထွက်လာသော အ ကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကိုက် ၁၀၀ အတွင်း အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး တစ်ယောက် အပါအဝင် အကြမ်း ဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရေတာရှည်တွင် ဗိုလ်မှူး ၁ ဦး သေဆုံး
==============================
ဧပြီလ ၄ ရက် နေ့လည် ၁၁ နာရီ၀န်းကျင် အချိန်ခန့်က တော်လှန်ရေးအင်အားစုများ နေရာယူထားသော ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မိချောင်းအိုင် ကျေးရွာအုပ်စု၊ ကျောက်ပုံ ကျေးရွာ မြောက်ဘက် တရုတ်ကုန်း သို့ မိချောင်းအိုင် ကျေးရွာအုပ်စု ရွှေသောင် ရွာဟောင်းမှ တဆင့် စစ်တောင်းမြစ် ကမ်းပါးအတိုင်း အင်အား ၁၀၀ ၀န်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၇ နာရီ ကျော် ကြာမြင့်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် (၂၀)ကျော် သေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော် လှန်ရေးအင်အားစုများ ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရွှေကူတွင် ဗိုလ်မှူး/ဗိုလ်ကြီး တစ်ဦးသေဆုံး
===============================
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကြောင်းမှူး ဗိုလ်မှူး/ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၃၀ အထက် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရွှေက္ကိုလ်တိုက်ပွဲတွင် စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူး ဒီးဒီ သေဆုံး
=======================================================
ဧပြီလ ၅ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသ စခန်းသိမ်းတိုက်ပွဲတွင် BGF တပ်ရင်း(၁၀၁၇) တပ်ရင်းမှူး ဗိုလ်မှူး ဒီးဒီ သေဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ၈၅ယောက် သေဆုံးပြီး (၆၀)ခန့် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
မတ္တရာတွင် ဗိုလ်မှူး အောင်မြင့် သေဆုံး
==============================
ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့ အထိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဗိုလ်မှူး အောင်မြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
လှိုင်သာယာဗုံးကွဲတွင် ဗိုလ်မှူးကြီး ဇင်မောင်လွင် မိုင်းထိသေဆုံး
====================================================
ဧပြီလ ၁၃ ရက် ည (၈း၁၀)ခန့်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက-၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း၊ ယင်း ပေါက်ကွဲမှုကို စစ်တပ်က သွားရောက် စစ်ဆေးခဲ့ရာ ည ၈ နာရီ ၂၀ အချိန် ပထမ ပေါက်ကွဲသည့် နေရာနှင့် ၁၅ ပေခန့် အကွာ၌ ထပ်မံ ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဗိုလ်မှူးကြီး ဇင်မောင်လွင်၏ ဦးခေါင်းထဲ မိုင်းစမှန်ပြီး သေဆုံးခဲ့သည်။
သန်လျင်တွင် ဒုဗိုလ်မှူးကြီး အောင်ညီထွန်း (ငြိမ်း) (၄၈-နှစ်) သေဆုံး
=============================================
ဧပြီ ၁၈ရက် နံနက် ၁၁နာရီခွဲခန့်က ရန်ကုန်တိုင်း သန်လျင်မြို့ ထန်းပင်ကုန်း ရပ်ကွက်ရှိ အမှတ်(၃)ကျောင်း အနီးတွင် ပစ်ခတ်မှုဖြစ်ပွားရာ ခမရ ၄၅၆ ကွတ်ခိုင် တပ်ရင်းမှူး ဖြစ်ခဲ့သော အငြိမ်းစား ဒုတိယ အောင်ညီထွန်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ဘီးလင်းတွင် ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး သေဆုံး
ဧပြီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ် ၊ ဘီးလင်းမြို့အနီးရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဖြတ်သန်းလာသည့်ကားများကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး ဖမ်းဆီးရမိကြောင်း၊ ယင်းနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားစဉ် ယင်းနေ့ ညပိုင်းတွင် အိမ်သာတက်ရန် အကြောင်းပြကာ ထွက်ပြေးရာမှ ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည် ပစ်ခတ် ဖမ်းဆီးရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တွင် ဒု ဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူ သေဆုံး
===========================================
ဧပြီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဒု ညွှန်ချုပ်လည်းဖြစ်၊ ဒုဗိုလ်မှူးကြီး အငြိမ်းစား လည်းဖြစ်သူ စိုင်းကျော်သူ ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ကျောက်ကြီးတွင် ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ၁ ဦးသေဆုံး
==============================================
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် KNU တပ်မဟာ ၃ နယ်မြေတွင် ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်၏ နောင်ကုန်း စခန်း၊ ရန်မျိုးအောင် စခန်း ၊ ညောင်ကုန်း စခန်း နှင့် ကျွန်းကုန်း စခန်း စသည့် စခန်း (၄)ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာ စခန်း (၂)ခုကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့ပြီး ဒု တပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ (၁၆)ဦး သေဆုံးကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
နောင်ချိုတွင် ဒု ဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး
=====================================
ဧပြီလ ၂၂ ရက်နေ့ စစ်ကောင်စီတပ် ခလရ ၁၄၇ စခန်းကုန်းကို PDF တပ်များ က သိမ်းပိုက်ခဲ့ကြောင်း၊ ထို့နောက် PDF တပ်များက စခန်း သိမ်းထားစဉ် အိမ်စီးကား (၂)စီး ရောက်ရှိလာရာ ကားပေါ်တွင် စစ်ယူနီဖောင်းဝတ် တစ်ဦး ပါလာသဖြင့် တားမြစ် စစ်ဆေးခဲ့ကြောင်း၊ ကားရပ် မပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ချိန် ကားပေါ်မှ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းထွန်းကို သက်သေခံ ပစ္စည်းများ နှင့်တကွ အသေ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။
ဖားကန့်တွင် ဗိုလ်မှူး ဇော်မောင် (ခေါ်) ဇော်မိုင်း ပစ်ခတ်ခံရပြီး သေဆုံး
====================================================
ကချင်ပြည်နယ်။. ဖားကန်မြို့ မရှိကတောင် ရပ်ကွက်ရှိ Happy KTV တွင် ဧပြီလ (၂၃)ရက် နံနက် (၄)နာရီခန့်က အရပ်ဝတ်ဖြင့် သီချင်း ဆိုနေသည့် ဗိုလ်မှုး တစ်ဦး အပါအဝင် စစ်ကောင်စီ အရာရှိ သုံးဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း၊ Happy KTV အတွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီ ဗိုလ်မှုး ဇော်မောင် ၊ ကျော်စိုး နှင့် ဘတုတ် ဆိုသူ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ရေး-ထားဝယ်လမ်းတွင် ဒု ဗိုလ်မှူးကြီး ကျော်သူဆွေ သေဆုံး
===============================================
ဧပြီလ ၂၃ ရက် နံနက် ၆ နာရီခန့်က ရေး-ထားဝယ်လမ်းမပေါ် မောင်မယ်ရှောင် ကျေးရွာ အနီးရှိ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ ခမရ ၄၀၆ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ကျော်သူဆွေ အပါအဝင် (၂)ဦး စနိုက်ပါ ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထီးချိုင့်တွင် ဗိုလ်မှူးကြီး ကိုကိုသက် သေဆုံး
====================================
ဧပြီလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကသာ ခရိုင် ထီးချိုင့် မြိုနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင် စကစတပ်တို တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက် သေဆုံးခဲ့ပြီး သူ့အလောင်းအား ညနေ ၇ နာရီ ၁၅မိနစ် ခန့်တွင် Mi 17ရဟတ်ယာဉ် ဖြင့် လာသယ်သွားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွင် ဗိုလ်မှူးကြီး မျိုးမင်းညွန့်သေဆုံး
======================================================
ဧပြီလ ၂၄ ရက်နေ့က ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့ ကြား မြောက်စလုံး ကျေးရွာ၌ တပ်စွဲထား သော စကခ ၂ လက်အောက်ခံ ရှမ်းပြည်အခြေစိုက် အကြမ်းဖက် စစ်သားများကို ကရင်နီပူးပေါင်း စစ် ကြောင်းမှ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းညွန့်ပါဝင်ကြောင်း သိရှိရသည်။
ဗဟန်းတွင် ဗိုလ်မှူး (ငြိမ်း) ရဲမင်းသန်း သေဆုံး
=====================================
ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီဝန်းကျင်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကျိုက္ကဆံ ရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်မှာ ဗိုလ်မှူး (ငြိမ်း) ရဲမင်းသန်း သေနတ်နဲ့ ပစ်သတ်ခံပြီး သေဆုံးသွားခဲ့သည်။ ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်းသည် တော်လှန်ရေးရဲဘော်များကို ဖမ်းဆိးရာတွင် စစ်တပ်ကိုသတင်းပေး၍ ဖမ်းဆီးခိုင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။
KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ် ဗိုလ်မှူး ၁ ဦးသေဆုံး
===============================================
ဧပြီလ ၂၉ ရက်နေ့တွင် စစ်တပ်က KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့နယ် အတွင်းရှိ ကော်ဘရာစစ်ကြောင်း နှင့် မဟာမိတ်တပ်များ ထိန်းချုပ် နယ်မြေ သို့ လက်နက်ကြီး အကြိမ်ရေ (၉၀) အထက်၊ အတွဲလိုက် ဒုံးများ (၈)ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန် ကြိုးစားခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ရင်ဆိုင်ထိတွေ့ တိုက်ပွဲများတွင် တပ်ရင်း(၂၀၇) ဗိုလ်မှူး (၁)ဦး စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ (IO) (၁)ဦး အပါအဝင် စစ်တပ် ဘက်မှ (၅)ဦး သေဆုံးပြီး (၆)ဦး ထိခိုက် ဒဏ်ရာရကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။