ရေဦးတွင် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ပြီး စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ
ရန်ကုန်၊ မေ ၂
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို မီးရှို့ပြီး စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင် ပြည်သူ ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ငြုတ္တုံရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မေလ ၁ ရက်နေ့တွင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆည်ကြီးရွာနှင့် ပေါက်သာရွာ တို့ကို ဆက်တိုက် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင် ပျက်စီးသွားသည့် နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင်း ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ရှိ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ လက်ယက်ကုန်း၊ မူးကတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ နှဘဲလှ၊ ညောင်လှ၊ ကံကုန်း၊ ဝဲကြီး၊ လက်ဆည်၊ ကုန်းကြီး၊ မဲအိုး၊ ညောင်ကြီးကုန်း စသည့် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
” မြေပြင်မှာ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ ရေဦးနယ် ကျေးရွာနေပြည် သူလူထု အပေါ် စစ်ကြောင်းထိုး ရည်ရွှယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာပါ။ အခုဆို ကျွန်တော်တို့ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို၊ မိုးတပြိုက်လေတပြိုက်နဲ့ လေမုန်တိုင်းကျလည်း ပြေးရ မိုးသည်းနေလဲ ပြေးရ အမြဲတမ်းပြေးလွှားနေကြရတယ်။ လေမုန်တိုင်းက စစ်ခွေးတွေလောက် ကြောက်စရာမကောင်းဘူး။ ရေဦးနယ် မြောက်ဘက်ခြမ်း၊ ရေဦးနယ် အနောက်ခြမ်း တစ် နေနေ ရာရာကို ဆက်လက် စစ်ကြောင်း ဝင်နိုင်သေးတယ်။ ဒီနေ့တော့ စစ်ကြောင်းကလည်း ရေဦးပြန်ဝင်သွားပြီဆိုတော့ တချို့ရွာတွေတော့ သူတို့အိမ် ပြန်ဝင်တာတော့ ရှိတယ်” ဟု ရေဦးမြို့နယ် စစ်ရှောင် ပြည်သူ ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦး တိုက်နယ် ဆေးရုံကို ပြန်လည် ဝင်ရောက် သွားသော်လည်း ပြည်သူအများစုက စစ်ကြောင်း ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။
ရေဦးမြို့နယ်အတွင်းရှိ မီးဘေးသင့် စစ်ဘေးရှောင် ပြည်များအတွက် လှူဒါန်းလိုသူများ အနေဖြင့် ရေဦးမြို့နယ် စစ်ရှောင် ပြည်သူ – ထောက်ပံ့ရေး facebook page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။